ရန်ကုန် ဇွန် ၎
ရန်ကုန်မြို့နေပြည်သူများ အသုံးပြုသွားလာရာ လမ်းများနှင့် ရပ်ကွက်အချို့တို့၌ ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင် ရွာသွန်းသော မိုးကြောင့် ညနေပိုင်းတို့တွင် ကားလမ်းများ ရေကြီးရေလျှံမှုဖြစ်ပေါ်၍ လမ်းခရီးများ ပိတ်ဆို့မှုများဖြစ်ကာ ခရီးသွားပြည်သူများ အခက်အခဲကြုံတွေ့ခဲ့ရသည်။
''အရင်နှစ်တွေက ဒီနေရာရေလျှံမှု အနည်းကျဉ်းတော့ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလောက်မဆိုးဘူး။ ဒီနှစ်က မိုးရွာတာလည်း သိပ်မကြာဘူး။ ပြောရရင် မိုးရေချိန်သိပ်မများဘူးလို့ ထင်တယ်။ ဒါတောင် ဒီနေရာမှာ မိုးရေလျှံမှုဖြစ်တာ ကြောက်စရာကောင်း လောက်အောင်ပဲ။ အလယ်လောက်မှာဆို လူပခုံးလောက်ထိရှိတယ်။ စီးဆင်းလာတဲ့ ရေတွေထဲမှာလည်း အမှိုက်သရိုက်တွေက အများကြီး။ လမ်းဘေးအိမ်တွေ ဒီလိုနေ့မျိုးမှာ မိုးရေနဲ့အတူ မျောလာမယ့် မြွေအန္တရာယ်တောင် ကြောက်ရတယ်။ နေ့ခင်း စရွာပြီး သိပ်မကြာဘူး ဒီမိုးရေတွေ အခုလို စုလာတာပဲ။
ဆိုးတာက ဒီနေရာမှာ ဒယ်အိုးလိုဖြစ်နေ တော့ မိုးရေက ဘယ်မှမထွက်တော့ဘဲ ခရီးသည်တင်ကားတွေလည်း သွားမရ၊ ပြည်သူတွေလည်း အခက်အခဲကြုံတွေ့ ခဲ့ရတယ်'' ဟု အရှေ့ရွှေဂုံတိုင်လမ်း တာမွေမီးပွိုင့်အနီး Ocean Super Center ရှေ့၌ ရေကြီးနစ်မြုပ်နေမှုနှင့် ပတ်သက်၍ ဝန်းကျင်နေ ပြည်သူတစ်ဦး ဖြစ်သူ ဦးမြညွန့်က ပြောသည်။
ရန်ကုန်မြို့ တာမွေအဝိုင်း Ocean Super Center ရှေ့ အရှေ့ရွှေဂုံတိုင် လမ်း၌ ယခင်နှစ်များက မိုးရွာသွန်း သည့်အချိန်တွင် ရေကြီးရေလျှံမှုဖြစ်ပေါ် သော်လည်း ယခုနှစ်ကဲ့သို့ ပြည်သူများ လမ်းခရီးသွားလာမှုကို အနှောင့်အယှက် မဖြစ်စေဘဲ အချိန်အနည်းငယ်အတွင်း မိုးရေလျှံမှုမှာ ပြန်လည်ကျဆင်း သွားပြီး ယခုကဲ့သို့ သိုလှောင်ထားသည့် အခြေအနေမျိုး ဖြစ်မနေကြောင်း ဝန်းကျင်နေ ပြည်သူများထံမှ သိရ သည်။
ယခင်နှစ်များတွင် ရေလျှံမှုဖြစ်ပေါ် လျှင် Ocean Super Center ဘက်သို့ စီးဆင်းသွားကြောင်း၊ ယခုအခါ Ocean Super Center ဘက်သို့ မစီးဆင်းတော့ ဘဲ ရေများတန့်နေကြောင်း၊ မြို့တော် စည်ပင်မှလည်း လမ်းဘေးရေစီးမြောင်း များ ပြုပြင်ဆယ်ယူမှုများကို မကြာမီ ကာလအတွင်းက ပြုလုပ်ထားသော်လည်း စည်းကမ်းမရှိပြည်သူများ လွယ်လင့်တကူ အမှိုက်စွန့်ပစ်မှုများကြောင့် ယခုကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေရခြင်းဖြစ် ကြောင်း တာမွေမီးပွိုင့်အနီး၌ နေထိုင် သော ဒေါ်ကလျာက ၄င်း၏အမြင်ကို ပြောသည်။
ရန်ကုန်မြို့၌ ဇွန် ၄ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က ရွာသွန်းသော မိုးရေချိန်ကြောင့် မြို့တွင်းကားလမ်း အချို့နှင့် ရပ်ကွက်အချို့တို့၌ ရေကြီး ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး အထူးသဖြင့် အရှေ့ရွှေဂုံတိုင်လမ်း တာမွေအဝိုင်းအနီး Ocean Super Center ရှေ့၊ ပြည်လမ်း ရန်ကုန်တက္ကသိုလ်ဝန်းကျင်၊ စမ်းချောင်း မြို့နယ် မြေနီကုန်းဒဂုံစင်တာ အနီး ဝန်းကျင်နှင့် မြို့နေရာအနှံ့အပြားတို့တွင် သိသာထူးခြားသော ရေကြီးရေလျှံမှု များဖြစ်ပေါ်ခဲ့ပြီး မိုးရွာသွန်းချိန်ကာလ ၌ ရေလျှံမှုမှာ ငါးပေ၊ ခြောက်ပေ ဝန်းကျင်အထိ မြင့်တက်မှုများ ဖြစ်ပေါ် ခဲ့သည်။
''ကျွန်တော်တို့လည်း ပြည်သူတွေ သိတဲ့အတိုင်း မိုးမကျမီ ရေကြီးရေလျှံမှု အခုလိုမဖြစ်အောင် အတတ်နိုင်ဆုံးတော့ သက်ဆိုင်ရာကချပေးတဲ့ ဘတ်ဂျက်နဲ့ ရေမြောင်းတွေဆယ်၊ မြောင်းအသစ် ဆောက်လုပ်မှုတွေလုပ်၊ ရေထုတ်မြောင်း တွေ ပြုပြင်မွမ်းမံခဲ့တာပါပဲ။ ဒါပေမယ့် ဘယ် အရာပဲဖြစ်ဖြစ် ပြည်သူတွေ ကိုယ်တိုင်က လိုက်ပါနိုင်မှုအားနည်းရင် အခုလို ရေကြီးရေလျှံမှုက ဖြစ်နေဦးမှာပဲ။ ဒီနေ့ဖြစ်ပေါ်တဲ့ ရေလျှံနေရာတွေဆို မြောင်းအနက်တွေ တူး၊ အသစ်တည် ဆောက်မှုတွေ၊ မွမ်းမံမှု တွေလုပ်ထားတာ မကြာသေးဘူး။ ဒါပေမယ့် ပြည်သူတွေ က လွယ်လင့်တကူ အမှိုက်တွေပစ်၊ ပလတ်စတစ်အိတ်တွေ စည်းကမ်း တကျမသုံးကြဘူး၊ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီက လိုက်ပါဆောင် ရွက်မှုမရှိရင် ဘယ်အရာ ဘယ်လောက်ပဲ အောင်မြင်အောင်လုပ်ပါစေ အထမြောက် မှာ မဟုတ်ပါဘူး။ အခုလို မြို့တော်စည်ပင် နဲ့ဆိုင်တဲ့ ရေကြီးရေလျှံမှုမှ မဟုတ်ဘူး။ အရာအားလုံးကို ပြောတာ ဖြစ်ပါတယ်''ဟု ယနေ့ မြို့တွင်းနေရာအချို့၌ ရေကြီး ရေလျှံဖြစ်ပေါ်ခဲ့မှုနှင့် ပတ်သက်၍ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့နိုင်ငံတစ်ဝန်း မိုးရွာသွန်းမှု အခြေအနေနှင့် ပတ်သက်၍ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ မှတ်သားဖွယ်ရာမိုးရေချိန် အများဆုံးမှာ ပေါင်မြို့ဖြစ်ပြီး မိုးရေချိန် ၂ ဒသမ ၇၂ လက်မအထိ မြင့်တက်ခဲ့ကာ ထားဝယ် မြို့တွင် ၂ ဒသမ ၄၇ လက်မ၊ လောင်းလုံး မြို့တွင် ၂ဒသမ ၂၈ လက်မ၊ ရှမ်းရွာသစ် တွင် ၂ ဒသမ ၂၃ လက်မ၊ နေပြည် တော်(ပုဗ္ဗသီရိမြို့နယ်)နှင့် မုဒုံမြို့နယ်တို့ တွင် ၂ ဒသမ ဝဝ လက်မနှင့် အခြား ကျိုက္ခမီ၊ ချောင်းဆုံ၊ မြိတ်နှင့် နေပြည် တော် ဇေယျာသီရိမြို့နယ်တို့တွင် မိုးရေချိန် အနည်းငယ်စီသာ မြင့်တက် ခဲ့ကြောင်း သိရသည်။
အလားတူ လမ်းမတော်မြို့နယ် အတွင်း မိုးသည်းထန်ပြီး ကျုံးကြီးမြောင်း ရေပြည့်လျှံမှုကြောင့် ကားလမ်းများ ရေလွှမ်းခဲ့သည်။ ယင်းရေမြောင်းသို့ အနော်ရထာလမ်းအနီးရှိ လမ်းသွယ်အတို များမှ ရေများစီးဆင်းနိုင်ခြင်းမရှိတော့ဘဲ အနော်ရထာကားလမ်းမပေါ်သို့ ရေလျှံ တက်လာခြင်း ဖြစ်သည်။ မိုးရေများပြား သဖြင့် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလ လမ်းများအကြား လမ်းသွယ်များ၌ တိုက်ရှေ့ ကြမ်းပြင် ရေထိသည်အထိ ရေများ မြင့်တက်လာသည်။
၂ဝဝ၈ ခုနှစ် နာဂစ်ဖြစ်ပွားသော မေ ၃ ရက် နေ့လယ်ပိုင်းရွာသွန်းသော မိုးကြောင့် လမ်းသွယ်များအတွင်း မြင့်တက်လာသည့် ရေပြင်ထက် ယနေ့ တွင် ပိုမိုများပြားကြောင်း လမ်းမတော် (၅)ရပ်ကွက် လမ်းသွယ်များနှင့် လှည်း တန်းလမ်းအတွင်း နေထိုင်သူများက ပြောသည်။
ကားလမ်းမများနံဘေး၌ ရပ် ထားသော ယာဉ်ငယ်များနှင့် ကားလမ်း များပေါ်တွင် မောင်းနှင်နေရသော ယာဉ်ငယ်များသည် အများစုမှာ ယာဉ် အောက်ပိုင်းရေထိမှုများနှင့် ကြုံတွေ့နေရ သည်။
ရန်ကုန်မြစ်အတွင်း မြစ်ရေသည် မြို့တွင်းမှ ရေများမထွက်နိုင်သည်အထိ မြင့်တက်နေခြင်း မရှိသေးကြောင်း၊ သို့သော် ရေထိန်းတံခါးများဖြစ်သော ဘုန်းကြီးလမ်း မော်တင်တို့ရှိ ရေထိန်း တံခါးအနီးတွင် အမှိုက်များဖြင့် ပိတ်ဆို့ နေခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မိုးရွာစဉ် ကမ်းနား လမ်း ညဈေးနေရာတွင် အမြင့်တစ်ပေခန့် ရှိသော ရေဖုံးလွှမ်းနေကြောင်း မော်တင် ရေထိန်းတံခါးအနီးရှိ ညဈေးတန်း ရောင်းနေသူတစ်ဦးက ပြောသည်။
တိုက်ခန်းများရှေ့ ကြမ်းပြင်တိုက် လုနီးပါးရှိသောရေသည် မိနစ် ၄ဝ အတွင်း ပြန်လည်ကျဆင်းသွားပြီး ကားလမ်းမများ ပေါ်၌ တစ်နာရီဝန်းကျင်ခန့်ကြာမှ ရေများ ပြန်လည်ကျဆင်းသွားကြောင်း သိရ သည်။
၂ဝ၁၆ ခုနှစ် မိုးရာသီအတွင်း ရန်ကုန် မြို့နယ်အတွင်း ကားလမ်းမများရှိ ရေ မြောင်းများ ဆယ်ယူရှင်းလင်းခြင်းကို ငွေကျပ် တစ်ဘီလီယံ အကုန်အကျခံကာ ကန်ထရိုက်စနစ်ဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ဆောင်ပေးခဲ့သည်။ ယခုနှစ် မေလအတွင်း၌လည်း ရေထိန်း တံခါးရှိသော ကျုံးကြီးမြောင်းဆယ်ယူ ရှင်းလင်းခြင်းကို မြို့တော်စည်ပင်မှ လုပ်ဆောင်ပေးခဲ့သည်ဟု သိရသည်။ အမည်တပ်တောင်၊ မြောက်လမ်းများတွင် သုံးပေအကျယ်ရေမြောင်းများ အသစ် ဖောက်လုပ်ခြင်းများ ရှိခဲ့သော်လည်း အနော်ရထာ၊ မဟာဗန္ဓုလလမ်းနှင့် ကမ်းနားလမ်းတို့ရှိ အရှေ့၊ အနောက် ရေမြောင်းများမှာ သုံးပေအကျယ်မရှိဘဲ အချို့နေရာများတွင် တစ်ပေဝန်းကျင်သာ အကျယ်ရှိကြောင်း မဟာဗန္ဓုလလမ်းနေ ဦးအောင်အောင်က ပြောသည်။
ထို့အတူ မြစ်ထွက်ပေါက်များ၌ ရေထွက်နိုင်အား အပြည့်ရှိရေးကို လုပ်ဆောင်ပေးသင့်သည်ဟု လမ်းမတော် မြို့နယ်နေ ကိုတိုးက ပြောသည်။
သတင်းမြင်ကွင်း - မောင်စိန်လွင်(မြန်မာ့အလင်း)၊ ခင်ဆိုင်၊ ဓာတ်ပုံ - မင်းထက်(မြန်မာ့အလင်း)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ရန်ကုန်မြို့နေရာအချို့၌ ရေကြီးရေလျှံမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
08:47
Rating: