စားသုံးသူ ပညာပေးဘာသာသင်ဖို့ကိစ္စ လွှတ်တော် မှတ်တမ်းတင်

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကို ဇွန်လ ၁၅ ရက်နေ့က ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တွေ့ရစဉ်
နိုင်ငံသားများအတွက် စားသုံးသူပညာပေးရေး  ဘာသာရပ်ကို အခြေခံပညာအလယ်တန်း သင်ရိုးညွန်းတမ်းမှစပြီး ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်းအဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မှတ်တမ်းတင်ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အသစ်ရေးဆွဲနေတဲ့ အခြေခံပညာရေးသင်ရိုး အသစ်မှာ ကျောင်းသားလူငယ်တွေရဲ့ ဥာဏ်ရည်နဲ့ လိုက်လျောညီထွေရှိမယ့် စားသုံးသူရေးရာ အသိပညာပေး သင်ခန်းစာများကို ထည့်သွင်းရေးဆွဲနေပြီဖြစ်တာကြောင့် အဆိုကိုမှတ်တမ်းတင် ထားရှိသင့်ကြောင်း အခုလို ပြောဆိုသွားတာပါ။

အခြေခံပညာကျောင်းတွေမှာ စားသုံးသူပညာပေးရေးလို့ အမည်မဖော်ပြထားပေမယ့် ကျောင်းသား၊ ကျောင်း သူတွေရဲ့ အသက်အရွယ်၊ ဥာဏ်ရည်တို့နဲ့ လိုက်လျောညီထွေရှိမယ့် သင်ခန်းစာတွေကို ဘဝအတွက်တာ ကျွမ်းကျင်စရာဘာသာရပ်အဖြစ် ထည့်သွင်းပြီး သင်ကြားပေးနေကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ပညာရေးဝန်ကြီးဌာနအနေနဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တရားဝင် ထုတ်ပြန် ထားတဲ့အများပြည်သူ သုံးစွဲရန်မသင့်တဲ့ အစားအသောက်၊ ဆေးဝါးနဲ့ အလှကုန်ပစ္စည်းများကို တိုင်းဒေသကြီး နဲ့ ပြည်နယ်ပညာရေးမှူးရုံးတွေကနေတဆင့် သက်ဆိုင်ရာကျောင်းတွေမှာရှိတဲ့ ကျောင်းသား၊ကျောင်းသူ များနဲ့ ကျောင်းသားမိဘ ပြည်သူလူထုတွေ သိရှိပြီးရှောင်ရှားနိုင်စေဖို့ အဆင့်ဆင့် အသိပေးအကြောင်း ကြား ဆောင်ရွက်နေကြောင်းလည်း ဦးဝင်းမော်ထွန်းက ထည့်သွင်းပြောဆိုသွားပါတယ်။

ကျိုက်လတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရန်လင်း တင်သွင်းတဲ့အဆိုကို လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦးက အကြံပြုဆွေးနွေးအပြီး သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနကလည်း အဆိုကို မှတ်တမ်းတင်ထားရှိဖို့ ပြောဆိုတာကို အဆိုရှင်ကလည်း သဘောတူတာကြောင့် အဆိုကို လွှတ်တော်မှာ မှတ်တမ်းတင်ထားဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
စားသုံးသူ ပညာပေးဘာသာသင်ဖို့ကိစ္စ လွှတ်တော် မှတ်တမ်းတင် စားသုံးသူ ပညာပေးဘာသာသင်ဖို့ကိစ္စ လွှတ်တော် မှတ်တမ်းတင် Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.