သာကေတ မြရည်နန္ဒာအိမ်ယာတွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်


သာကေတမြို့နယ်၊ ၁၀တောင်(၁၃)ရပ်ကွက်၊ ရှုခင်းသာမြို့ပတ်လမ်းမရှိ မြရည်နန္ဒာအိမ်ယာအတွင်း အိမ်အမှတ်(၈)မှာ နေထိုင်သူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဇွန် (၁)ရက်၊ မနက်(၉)နာရီ ၀န်းကျင်က ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ သတင်းရရှိတယ်လို့ (၁၀)တောင်(၁၃)ရပ်ကွက်မှ ရာအိမ်မှူး ဦးတင်လှရဲ့ ပြောပြချက်အရ သိရပါတယ်။

 သေဆုံးသူတွေကို စတင်တွေ့ရှိသူက အဲဒီအိမ်က အိမ်ဖော်ဖြစ်ပြီး အိမ်ဖော်ကတစ်ဆင့် သေဆုံးသူ အမျိုးသမီးရဲ့ မိခင်ကို ဆက်သွယ် အကြောင်းကြား ခဲ့တယ်လို့သိရပါတယ်။ သေဆုံးသူအမျိုးသားနာမည်မှာ ဗစ်တာရက်(၇်) ဖြစ်ပြီး အသက် (၄၀)၀န်းကျင်ဖြစ်ကာ သေဆုံးသူ အမျိုးသမီးနာမည်က မခိုင်စံပယ်နှင်းအောင် အသက် (၃၀)၀န်းကျင်ဖြစ်တယ်လို့သိရပါတယ်။ သေဆုံးသူ အမျိုးသားဟာ အိန္ဒိယနိုင်ငံသားဖြစ်ပြီး အိန္ဒိယနိုင်ငံ ပတ်စပို့ကိုင်ဆောင်သူဖြစ်ကာ သေဆုံးသူအမျိုးသမီးက မြန်မာအမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။

 သေဆုံးသူတွေထဲမှာ အမျိုးသားက ရင်ဝမှာ ချွန်ထက်တဲ့ အရာနဲ့ ထိုးသွင်းဒဏ်ရာတွေနဲ့ လက်ကောက်ဝတ်နားမှာ အလှီးခံရတဲ့ ဒဏ်ရာတွေရှိနေသလို သေဆုံးသူ အမျိုးသမီးက လည်ပင်းပြတ်ရှဒဏ်ရာနဲ့ ဘယ်ဘက်ပေါင်မှာ ဓားဒဏ်ရာတွေနဲ့ အသတ်ခံရပြီး သေဆုံးသွားကြတယ်လို့ အနီးအနားရှိသူတွေက ပြောဆိုကြနေပေမယ့် ရဲတပ်ဖွဲ့က အသတ်ခံရတာဖြစ်ကြောင်း အတည်ပြု ပြောကြားတာမရှိသေးပါဘူး။ သေဆုံးသူနှစ်ဦးစလုံးဟာ ပြတ်ရှ ဒဏ်ရာတွေနဲ့ သေဆုံးနေတာဖြစ်ပြီး အမျိုးသားဟာ နေအိမ်အပေါ်ထပ်နဲ့ အမျိုးသမီးက အိမ်အောက်ထပ်မှာ သေဆုံးနေတာ ဖြစ်တယ်လို့ သိရပါတယ်။


 အဲဒီ့နေအိမ်မှာ သေဆုံးသူ နှစ်ဦးနဲ့ အတူ အိမ်ဖော်နှစ်ဦး၊ ခြံစောင့်တစ်ဦးတို့ နေထိုင်တာ ဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေအိမ်မှာ ငှားရမ်းနေထိုင်တာ နှစ်နှစ်နီးပါးရှိပြီလို့သိရပါတယ်။ နိုင်ငံခြားသား အမျိုးသားတစ်ဦးနဲ့ မြန်မာအမျိုးသမီးတစ်ဦး သေဆုံးတာဟာ မေလ(၃၁)ရက် ညကဖြစ်တယ်လို့ လည်း အိမ်နီးနားချင်းတွေကပြောပါတယ်။ သေဆုံးသူ Mr.Victor နဲ့ ဇနီးတို့ဟာ အစားအသောက် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးတဲ့ လုပ်ငန်းကို J & V Catering Service အမည်နဲ့ လုပ်ကိုင်နေကြသူတွေဖြစ်တယ်လို့ အိမ်နီးနားချင်းတွေရဲ့ ပြောပြချက်အရ သိရ ပါတယ်။

 နှစ်လောင်းပြိုင် အသတ်ခံရတယ်ဆိုတဲ့ နေအိမ်ကို သက်ဆိုင်ရာရဲတပ်ဖွဲ့က လာရောက် စစ်ဆေး စုံစမ်းလျက်ရှိပြီး သတင်းလာယူတဲ့ သတင်းထောက်တွေကို နေအိမ်အတွင်းပေးဝင်တာ မပြုသေးပဲ ရဲလုပ်ထုံးလုပ်နည်းအရ မှတ်တမ်းယူကာ သက်သေခံတွေရှာဖွေဆောင်ရွက်လျက်နေပြီး CID ကလည်း လာရောက် စစ်ဆေး နေတာဖြစ်ပါတယ်။ သတင်း အပြည့်အစုံကို ပြည်တွင်း
သတင်းတွေမှာ ဆက်လက် တင်ဆက် ပေးသွားမှာဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau နှင်းယုခိုင်က ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
သာကေတ မြရည်နန္ဒာအိမ်ယာတွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ် သာကေတ မြရည်နန္ဒာအိမ်ယာတွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ် Reviewed by THITHTOOLWIN on 17:41 Rating: 5
Powered by Blogger.