စင်္ကာပူတွင် တိုက်ပေါ်မှ ခုန်ချ သေကြောင်းကြံသွားသည့် မြိုတိုင်းရင်းသူ၏ မိသားစုဝင်များ ယနေ့ညနေ စင်္ကာပူသို့ ထွက်ခွာမည်


နိရဉ္စရာ၊ ဇွန် ၁၆

စင်္ကာပူနိုင်ငံရှိ ၁၈ ထပ်မြင့်သည့် တိုက်ပေါ်မှ မိမိကိုယ်ကို ခုန်ချ အဆုံး စီရင်သွားခဲ့သည့် မဇင်မာဦး (၂၁) နှစ် ၏ မိသားစုဝင်များသည် ယနေ့ ညနေတွင် စင်္ကာပူသို့ လေကြောင်း ခရီးစဉ်ဖြင့် ထွက်ခွာမည်ဟု သတင်း ရရှိသည်။

“ ဒီနေ့ ညနေ ၇ နာရီ ၁၅ မိနစ်မှာ Jetstar လေကြောင်းလိုင်းနဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။ ကျွန်တော်ရယ်၊ သူမရဲ့ ဖခင် ဦးမောင်တင်ရွှေတို့ နှစ်ဦး သွားကြမှာ ဖြစ်ပါတယ်” ဟု သေဆုံးသွားခဲ့သူ ဇင်မာဦး၏ ဦးလေးဖြစ်သူ ဦးသာထွန်းအောင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

မဇင်မာဦးသည် မြိုတိုင်းရင်းသူ အမျိုးသမီး တစ်ဦးဖြစ်ပြီး မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်း အုပ်စု၊ အစိုးရအခေါ် ဂူတလုံးကျ (ဒေသအခေါ် ကိုယ်တလုပ်ကျ) ကျေးရွာမှ ဖြစ်သည်။

စင်္ကာပူနိုင်ငံ စင်ကာပူနိုင်ငံ 180 Depot Road ရှိ Interlace ကွန်ဒိုတွင် အိမ်ဖော် အလုပ် လုပ်ကိုင်နေရာမှ ဇွန်လ ၁၂ ရက် ည ၇ နာရီ ခန့်တွင် ၁၈ လွှာမှ ခုန်ချသေဆုံးသွားသည်။

“ ကျွန်တော်တို့ သိရသလောက် သူမအနေနဲ့ အိမ်ဖော်လုပ်ကိုင်နေစဉ်မှာ အစစအရာရာ ချုပ်ချယ်ခံရတဲ့ အတွက် သေကြောင်း ကြံသွားခဲ့တယ်လို့ သိရပါတယ်။ ဖုန်းမကိုင်ရဘူး။ ပြင်ပထွက်ခွင့်မရဘူး။ အိမ်နဲ့ အဆက်အသွယ် မလုပ်ရဘူး။ ခုလို ဖြစ်လာတော့ စိတ်ကျဉ်းကျပ်လာပြီး သေကြောင်း ကြံသွားခဲ့တယ်လို့ ကြားသိရပါတယ်။ စင်္ကာပူသံရုံးကတော့ ဒီထက် ဖြစ်စဉ် အသေးစိတ်ကို သိရှိမှာပါ” ဟု ဦးသာထွန်းအောင်က ပြောဆိုသည်။

ဇင်မာဦးသည် မြောက်ဦးအထကမှ ၉ တန်းအောင်မြင်ခဲ့သူ ဖြစ်ပြီး ၂၀၁၆ မေလ ၇ ရက်နေ့တွင် နေအိမ်မှ ထွက်ခွာသွားပြီး စင်္ကာပူသို့ ၂၀၁၆ ဇွန်လ ၆ ရက်နေ့တွင် အိမ်ဖော်လုပ်ရန် ရန်ကုန်မြို့သို့ ထွက်ခွာသွားခဲ့သည်ဟု ဆိုသည်။

ကိုယ်တလုပ်ကျ ကျေးရွာမှ သူမ၏ အဖွားဖြစ်သူ ဒေါ်သန္တာခိုင်က “ ဇင်မာဦးက တစ်ဦးတည်းသော သမီးပါ။ သူမရဲ့ အမေက သူအမှုန့်စိချေ (ငယ်ငယ်ကတည်း)က သေသွားပါတယ်။ အဖေကတော့ လက်ရှိမှာ နောက်အိမ်ထောင်နဲ့ပါ။ မိသားစုတွေ ဆင်းရဲတော့ သူမ ကူညီမယ်ဆိုပြီး အိမ်ကနေ ထွက်သွားတာ တစ်နှစ်ရှိပါပြီ။ ခုတော့ ဇင်မာဦး ခုလို သေသွားတာ ကြားရတော့ ခံစားရတာ မပြောတတ်တော့ပါ” ဟု နိရဉ္စရာသတင်းဌာသို့ ပြောသည်။

သူမအတွက် လုပ်အားခ၊ အသက်အာမခံ၊ လျော်ကြေးများ ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူမ နေထိုင်ခဲ့ရာ ကျေးရွာ မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

မဇင်မာဦးအား သူမ၏ ဖခင်နှင့် ဦးလေးတို့ ရောက်ရှိပြီးနောက် စင်္ကာပူတွင် သဂြို င်္လ်မည် ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စင်္ကာပူရှိ မြန်မာ မိသားစုများ အနေဖြင့် အတတ်နိုင်ဆုံး ၀ိုင်းဝန်းကူညီကြပါဟု မေတ္တာရပ်ခံ ပြောကြားလိုပါကြောင်း ဦးသာထွန်းအောင်က ပြောဆိုသွားသည်။

Narinjara
https://www.facebook.com/Narinjara
စင်္ကာပူတွင် တိုက်ပေါ်မှ ခုန်ချ သေကြောင်းကြံသွားသည့် မြိုတိုင်းရင်းသူ၏ မိသားစုဝင်များ ယနေ့ညနေ စင်္ကာပူသို့ ထွက်ခွာမည် စင်္ကာပူတွင် တိုက်ပေါ်မှ ခုန်ချ သေကြောင်းကြံသွားသည့် မြိုတိုင်းရင်းသူ၏ မိသားစုဝင်များ ယနေ့ညနေ စင်္ကာပူသို့ ထွက်ခွာမည် Reviewed by THITHTOOLWIN on 09:37 Rating: 5
Powered by Blogger.