ရခိုင်ဂေဇက် ၊ ဇွန် ၎
စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက် ( ဒုံးတိုက်ကွင်း )မှ အစာအဆိပ်အတောက်ဖြစ်၍ ဆေးရုံသို့ ရောက်ရှိနေသော ကလေးငယ် ၁၃ ဦးမှာ လက်ရှိအချိန်တွင် ကျန်းမာရေးကောင်းမွန်လျှက် ရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါ ကလေးငယ်များသည် ဇွန်လ ၄ ရက်နေ့ နံနက် ၈ နာရီ အချိန်ခန့်က ၄င်းရပ်ကွက်အတွင်းရောင်းချနေသော ထမင်းကြော်ဆိုင်မှ ထမင်းကြော်စားမိရာမှ အော့အန်ခြင်း ၊ ၀မ်းလျောခြင်း တို့ ဖြစ်ပွားခဲ့သည့်အတွက်ကြောင့် နံနက် ၁၁ နာရီအချိန်တွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ဆောင်ကာ ကုသခဲ့ရခြင်း ဖြစ်ကြောင်း ကလေးငယ် တစ်ဦး၏ မခင်ဖြစ်သူ ဒေါ်လှမြသိန်းက ပြောသည်။
ဒေါ်လှမြသိန်းက “ ကျမသားလေးက အရင် ဖြစ်တယ်။ နောက်တခြားအိမ်က ကလေးတွေလည်း တန်းစီးပြီ ဖြစ်ကြတာပဲ ။ အော့အန်တယ်။ ၀မ်းတွေ လျော့ကြတယ် ။အဲဒါနဲ့ အရင်ဆုံးဓာတ်ဆားရည်တိုက်ပါတယ်။ ပြီးမှ ၁၁ နာရီလောက် ဆေးရုံသို့ လာတာပါ ” ဟုပြောသည်။
ယင်းသို့ အစာအဆိပ်အတောက် ဖြစ်စဉ်တွင် ထမင်းကြော်ရောင်းချသော အမျိုးသမီး၏ ကလေးလည်းပါဝင်သောကြောင့် ဆေးရုံတင်ကုသနေကြောင်း ၊ ထမင်းကြော်ရောင်းချသော အမျိုးသမီးအား ဖြစ်စဉ်နှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းခဲ့ရာ နံနက်ပိုင်း ထမင်းကြော်ရာတွင် ပုံမှန်ကြော်နေကျ ဆီ မလောက်ငှ၍ ၀က်ဆီထည့်ကာ ရောနှောကြော်မိကြောင်း ၊ တခြားမိသည့် အရာမှ မထည့်မိကြောင်း ပြောပြသည်။
ယင်းဆေးရုံရောက်နေသော ကလေးငယ်များတွင် အသက် ၁၈ နှစ်အရွယ်အမျိုးသမီးငယ် တစ်ဦးပါဝင်ပြီး ကျန်ကလေးငယ်များမှာ အသက် ၁၀ နှစ်ကလေးများ ဖြစ်ကြောင်း ကလေးမိဘများထံမှ သိရှိရသည်။
လက်ရှိအချိန်တွင် တာဝန်ကျ သူနာပြု ဆရာမ များက ကလေးငယ်များအား ဆေးသွင်း ၊ ဆေးတိုက်လုပ်ဆောင်နေပြီး ကလေးငယ်တချို့မှာ ကုတင်ပေါ်တွင် ထိုင်လျှက်အပြန်အလှန် စကားများ ပြောဆိုနေကြပြီး ၊ တချို့ကလေး များမှာမူ ဆေးထိုး၍ အော်ငိုနေကြသည်ကို တွေ့ ရှိခဲ့ရသည်။
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
စစ်တွေမြို့ ဒုံးတိုက်ကွင်းမှ အစာအဆိပ်အတောက်ဖြစ်သော ကလေး ၁၃ ဦး ကျန်းမာရေးကောင်းမွန်
Reviewed by THITHTOOLWIN
on
20:00
Rating: