ပြည်ပ အာမခံကုမ္ပဏီတွေကို ဝင်ခွင့်ပေးတော့မယ်

 အသက်အာမခံနဲ့ မီးလောင်ဆုံးရှုံးမှု အပါအဝင် အာမခံ လုပ်ငန်း အမျိုးမျိုးကို ပြည်ပကုမ္ပဏီတွေ လုပ်ခွင့်ရမယ်။ ဓာတ်ပုံ မူပိုင် Myanmar Fire Services Department Facebook
၂၀၁၇ ခုနှစ် မကုန်ခင် ပြည်ပ အာမခံလုပ်ငန်း ကုမ္ပဏီတွေ မြန်မာ နိုင်ငံမှာ လုပ်ငန်း လုပ်ကိုင်ခွင့် ရကြတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြည်ပက အာမခံ လုပ်ငန်း ကုမ္ပဏီတွေ ဝင်ရောက်ခွင့် ပေးနိုင်ဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနက အစီအစဉ်တွေ ရေးဆွဲ ပြီး အစိုးရ အဖွဲ့ကို တင်ပြထားတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာန ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေးဌာနက ညွန်ကြားရေးမှူး ဦးသန့်ဇင်က ပြောပါတယ်။

နိုင်ငံတကာ အဆင့်နဲ့ရော မြန်မာ့ ဈေးကွက်နဲ့ပါ ကိုက်ညီတဲ့ စံနှုန်းစံထားတွေနဲ့အညီ ပြည်ပ ကုမ္ပဏီတွေ အနေနဲ့ အသက်အာမခံလုပ်ငန်းနဲ့ အထွေထွေ အာမခံ လုပ်ငန်း နှစ်မျိုးစလုံး အတွက် လုပ်ကိုင်ခွင့် ရကြမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ရင်းနှီး မြှုပ်နှံမှု နဲ့ပတ်သက်လို့ ပြည်ပကုမ္ပဏီတွေ ရာနှုန်းပြည့် လုပ်ကိုင်ခွင့်ရမလား၊ ပြည်တွင်း ကုမ္ပဏီတွေနဲ့ ပေါင်းစပ် လုပ်ရမှာလား ဆိုတာတွေနဲ့ တခြား အစီအစဉ် အသေးစိတ် ကိုတော့ မကြာခင်မှာ အစိုးရ အဖွဲ့ရဲ့ အတည်ပြုချက် ကျလာတဲ့ အခါကျမှ သိနိုင်မယ်လို့ ဦးသန့်ဇင်က ပြောပါတယ်။

အစိုးရ အနေနဲ့ကတော့ ရေရှည်တိုင်းပြည်အတွက် အကျိုးရှိပြီး ဆုံးရှုံးနိုင်ချေ နည်းတဲ့ အသက်အာမခံလုပ်ငန်းမျိုးကို ပြည်ပ ကုမ္ပဏီတွေ လာရောက်လုပ်ကိုင်ကြဖို့ ပိုမို လမ်းဖွင့် ပေးထားတယ်လို့ သူကဆိုပါတယ်။

ပြည်ပ ကုမ္ပဏီတွေ ဝင်လာတဲ့ အခါ မြန်မာပြည်သူတွေ အတွက် အလုပ်အကိုင် အခွင့် အလမ်းတွေ ရပြီး နိုင်ငံခြားငွေ အရင်းအနှီးတွေ ဝင်လာဖို့နဲ့ မြန်မာငွေဈေး တက်လာမယ့် အကျိုးအမြတ်တွေ ရလာဖို့ အစိုးရက မျှော်လင့် နေပါတယ်။

BBC Burmese
http://www.bbc.com/burmese
ပြည်ပ အာမခံကုမ္ပဏီတွေကို ဝင်ခွင့်ပေးတော့မယ် ပြည်ပ အာမခံကုမ္ပဏီတွေကို ဝင်ခွင့်ပေးတော့မယ် Reviewed by THITHTOOLWIN on 07:31 Rating: 5
Powered by Blogger.