မူစယ်တွင် ၃ ရက်ဆက်တိုက်မိုးရွာသွန်း အုဋ်တံတိုင်းပြိုကျသဖြင့် လူပိမိသေဆုံး

ဓါတ်ပုံ- တံတိုင်းပြိုကျမှုကြောင့် ပျက်စီးသွားသောနေအိမ်နှင့် ပိမိသေဆုံးသူ မပိုးအိစံ ( Photo by Tong Hwe Li)
ဂျွန်လ ၂ ရက် ၂၀၁၇

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့ ကောင်းလွယ် ၄၅ ပေါက်နေ ခေါ် ဟိုမွန်ရပ်ကွက်တွင် မိုးရွာသွန်းမှုကြောင့် ကုန်းပိုင်းရှိအုဋ်တံတိုင်း ပြိုကျရာ လူတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။

မူစယ်မြို့တွင် ပြီးခဲ့သည့် မေလ ၃၁ ရက်နေ့ကတည်းကစပြီး ဂျွန်လ ၂ ရက်နေ့အထိ မိုးအဆက်မပြတ် ရွာသွန်းရာ ယနေ့ မနက်ပိုင်း ၇ နာရီအချိန်ခန့်က ကုန်းကမ်းပါးယံရှိ အုဋ်တံတိုင်းပြိုကျရာမှာ အောက်ပိုင်းနေအိမ် တန်းလျားအား ပိမိသဖြင့် လူသေဆုံးခြင်းဖြစ်ကြောင်း ဆိုပါသည်။

“သေဆုံးသူကတော့ မပိုးအိစံတဲ့ အသက်က ၁၇ နှစ်။ သူ့အမျိုးသားက ဦးဇင်စိုး က ဒဏ်ရာအပြင်းအထန်ရလို့ မန္တလေးဆေးရုံကိုပို့လိုက်ပြီ ။ ဒဏ်ရာရတာ နောက် ၂ ယောက် ရှိသေးတယ်။ ဒဏ်ရာမပြင်းထန်ဘူး” - ဟု မူစယ်မြို့ခံ စိုင်းအောင်က ပြောသည်။

ကုန်းပိုင်းရှိ အုဋ်တံတိုင်းသည် သေဆုံးသူတို့ ငှားရမ်းနေထိုင်သော အခန်း ၄ ခန်းရှိ တန်းလျားပေါ်သို့ ပြိုကျရာ မပိုးအိစံတို့ ခေါင်းရင်းတည့်တည့်တွင် ကျမိကြောင်း၊ တန်ဖိုးကြီးပစ္စည်းများ ဆုံးရှုံးမှုမရှိသော်လည်း လက်ရှိတွင် မှတ်ပုံတင်များနှင့် အရေးကြီး စာရွက်စာတမ်းများကို ပြန်လည်ရှာဖွေနေကြောင်း မူစယ်မြို့ခံက ဆက်လက်ပြောဆိုသည်။

“သူတို့အသုံးအဆောင်တွေ မိုးစိုကုန်တယ်။ အိမ်အမိုးပျက်သွားပြီကိုး။ တန်းလျားက သွပ်မိုး ထရံကာလေ။ အဲ့ကြောင့် ပြိုကျတာနဲ့ထိတာ။ မိုးကျတာ ၃ ရက်ရှိပြီဆိုတော့ မြေသားက ပြိုလွယ်တာပေါ့။ အဲတာကြောင့် အထူးသတိထားရပါမယ်”- ဟုလည်း စိုင်းအောင်က ပြောသည်။

အဆိုပါတန်းလျားတွင် ငှားရမ်းနေထိုင်သူများမှာ တခြားဒေသမှ မူစယ်သို့ လာရောက်နေထိုင် အလုပ်လုပ်ကိုင်သူများ ဖြစ်ကြသည်။

ဘင်္ဂလာဒေ့ရှ်အရှေ့ဘက်ကမ်းခြေမှ မိုရာမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ သျှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
မူစယ်တွင် ၃ ရက်ဆက်တိုက်မိုးရွာသွန်း အုဋ်တံတိုင်းပြိုကျသဖြင့် လူပိမိသေဆုံး မူစယ်တွင် ၃ ရက်ဆက်တိုက်မိုးရွာသွန်း အုဋ်တံတိုင်းပြိုကျသဖြင့် လူပိမိသေဆုံး Reviewed by THITHTOOLWIN on 18:12 Rating: 5
Powered by Blogger.