ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရန်ဂါမဒီ (သက်ထောင်) တွင် အဖွားအို တစ်ဦး သေဆုံးပြီး နေအိမ်နှင့် ဆိုင်ခန်း ၂၀၀ ခန့် မီးရှို့ ဖျက်ဆီးခံရ


နိရဉ္စရာ၊ ဇွန် ၃

ဘင်္ဂလာဒေ့ရှ် နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ ရန်ဂါမတီ (ရခိုင်အခေါ် သက်ထောင်)တွင် ၎င်းဒေသတွင် မြေပြန့်မှ လာရောက် ရွှေ့ပြောင်း အခြေချနေထိုင်နေကြသည့် ဘင်္ဂလီများ၏ တိုက်ခိုက်မှုကြောင့် အသက် ၇၀ နှစ်အရွယ် ဗုဒ္ဓဘာသာဝင် ချက်ကမာ ( Chakma) အမျိုးသမီးကြီး တစ်ဦး အသတ်ခံခဲ့ရပြီး လူနေအိမ်နှင့် ဈေးဆိုင်ခန်း ၂၀၀ ခန့် လူယက်ဖျက်ဆီး မီးရှို့ခြင်းကို ခံခဲ့ရကြောင်း သတင်းရရှိသည်။


ဇွန်လ ၂ ရက်နေ့က စတင်ခဲ့သော အဆိုပါ တိုက်ခိုက်မှုမှာ ရန်ဂါမတီ ခရိုင် လောင်းကဒူးအရပ်တွင် ဘင်္ဂလီ လူမျိုး ဂျူဘိုလိဂ် (Jubo League) ခေါင်းဆောင် တစ်ဦး သတ်ဖြတ်ခံရရာမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လောင်ကဒူး တိုက်နယ် ဥက္ကဋ္ဌ ချက်ကမာ လူမျိုး Pulin Mitra က ပြောသည်မှာ အသက် ၇၀ အရွယ် ဂုနမာလာ (Gunamala) အမည်ရှိ အမျိုးသမီးမှာ တိုက်ခိုက်သူများမှ ဓါးဖြင့် ခုတ်သတ်ရာမှ သေဆုံးသွားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

သို့သော်လည်း အဆိုပါ အမျိုးသမီးသေဆုံးမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များ၏ အတည်ပြုချက်ကို မရနိုင်သေးသဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း The Daily Star က သတင်းဖော်ပြသည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၁၀ နာရီမှ စတင် မီးရှို့တိုက်ခိုက်ခဲ့မှုကြောင့် အခြေအနေမှာ ဖရိုဖရဲ ဖြစ်နေပြီး ချက်ကမာ (သက်) လူမျိုးကျေးရွာ သုံးရွာမှ လူပေါင်း ၃၀၀ ခန့်သည် ဘေးလွတ်ရာကို ထွက်ပြေးနေကြရာသည်ဟု ဆိုသည်။


ရန်ဂါမတီ ခရိုင် အာဏာပိုင်များမှ အခင်း ဖြစ်ပွားရာဒေသတွင် လူစု လူဝေးမပြုလုပ်ရဟုဆိုကာ အရေးပေါ် အမိန့် ပုဒ်မ ၁၄၄ ကို ဇွန်လ ၂ ရက် နေ့လယ်က ထုတ်ပြန်သော်လည်း တိုက်ခိုက်သူများသည် ၎င်းထုတ်ပြန်မှုကို လိုက်နာခြင်း မရှိဘဲ ဆက်လက် ပြုလုပ်နေကြသည်ဟု ဆိုသည်။

အသတ်ခံရသူ ဘင်္ဂလီ လူမျိုး ဂျူဘိုလိဂ် (Jubo League) ခေါင်းဆောင်မှာ ဆိုင်ကယ်မောင်းသမား တစ်ဦးဖြစ်ပြီး သူ့အား ချက်ကမာ (သက်) လူမျိုးနှစ်ဦးမှ ငှားရမ်းသွားပြီး သတ်ပစ်သည်ဟု ဘင်္ဂလီလူမျိုးများဘက်မှ စွပ်စွဲပြောကြားသော်လည်း ချက်ကမာ လူမျိုးတို့ကမူ ၎င်းဆိုင်ကယ်ကို ငှားရမ်းသူများမှာ ဘင်္ဂလီ လူမျိုးနှစ်ဦးသာ ဖြစ်ကြောင်း ပြောဆိုသည်။

ရွှေ့ပြောင်းအခြေချသူများသည် ၎င်းအသတ်ခံရသူ၏ အလောင်းကောင်ကို ထမ်းပြီး လောင်ကဒူးတွင် နံနက် ၉ နာရီခန့်တွင် ဆန္ဒပြရာမှ မငြိမ်မသက်မှုဖြစ်ပေါ်လာပြီး ချက်ကမာ (သက်) လူမျိုးများ၏ နေအိမ်များ၊ ဈေးဆိုင်များကို စတင်မီးရှို့ တိုက်ခိုက်ကြခြင်း ဖြစ်သည်။

ဒေသခံ ချက်ကမာ လူမျိုးများကမူ ယခု တိုက်ခိုက်မှုမှာ ကြိုတင် ကြံစည်မှု တစ်ခု ဖြစ်ပြီး ဘင်္ဂလာဒေ့ရှ် စစ်တပ်မှ ထိုသို့ တိုက်ခိုက်ရန် နောက်ကွယ်မှ အကာအကွယ် ပေးထားဟု ပြောဆိုသည်။
(ဇွန်လ ၂ ရက်နေ့က မီးရှို့တိုက်ခိုက်မှုနှင့် ထွက်ပြေးနေကြသည့် သက်လူမျိုးများ/ ဓာတ်ပုံ- ဘင်္ဂလာဒေ့ရှ် မီဒီယာများ)
မြန်မာ နယ်စပ် အနီး တည်ရှိသည့် ဘင်္ဂလာဒေ့ရှ် နိုင်ငံ စစ်တကောင်းတောင်တန်းနယ်တွင် ရန်ဂါမတီ (သက်ထောင်)၊ ခါကားဆိုရီ (ဖလံထောင်)နှင့် ဘင်ဒရိုင်ဘင် (ဗိုလ်မင်းထောင်) ဟု ခရိုင် သုံးခရိုင်ရှိပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ အများစု ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့် သက်၊ မာရမာ(ရခိုင်) မှာ ၎င်းဒေသတွင် နေထိုင်ကြသည်။

၁၉၇၁ ခုနှစ် ဘင်္ဂလာဒေ့ရှ်နိုင်ငံ လွတ်လပ်ရေး မရမီက အဆိုပါ စစ်တကောင်း ဒေသတွင် ဗုဒ္ဓဘာသာ လူဦးရေမှာ ၈၀ ရာခိုင်နှုန်းရှိပြီး ၎င်းနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ရေလွှမ်းမိုးရာ မြေနိမ့်ဒေသများတွင် နေထိုင်သည့် ဘင်္ဂလီများကို စစ်တကောင်း တောင်တန်းနယ်တွင် အစိုးရမှ ပြောင်းရွှေ့နေရာချထားရာမှာ ဘင်္ဂလီ လူဦးရေမှာ ၇၅ ရာခိုင်နှုန်းထိ မြင့်တက်သွားပြီး ဌာနေတိုင်းရင်းသား ဗုဒ္ဓဘာသာ ဦးရေမှာ ၂၅ ရာနုန်းသာ ရှိတော့ကြောင်း သိရသည်။

၎င်းမြေနိမ့်ဒေသမှ ပြောင်းရွှေ့နေထိုင်လာသူ ဘင်္ဂလီများသည် ဌာနေတိုင်းရင်းသားပိုင် နယ်မြေများကို လုယက် သိမ်းယူခြင်း၊ လူနည်းစုများ အပေါ် အနိုင်ကျင့်ခြင်း၊ ကျေးရွာများကို မီးရှို့တိုက်ခိုက်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်းတို့ကို မကြာခဏ ပြုလုပ်လျက်ရှိနေပြီး ထိုအကြမ်းဖက် လုပ်ရပ်များကြောင့် အဆိုပါ ဒေသမှာ အခုအခါ မတည်ငြိမ်သည့် ဒေသ တစ်ခု အဖြစ်သို့ ကျရောက် ဖြစ်ပေါ်လျက် ရှိနေကြောင်း သိရသည်။

ဘင်္ဂလာဒေ့ရှ် အစိုးရသည် အဆိုပါ စစ်တကောင်း တောင်တန်းဒေသရှိ ခရိုင် သုံးခရိုင်အတွင်းသို့ နိုင်ငံခြားသားများ၊ အိုင်အန်ဂျီအိုများနှင့် သတင်းမီဒီယာသမားများ ၀င်ရောက်ခွင့်ကိုတင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသည်ဟုလည်း သိရှိရသည်။

Narinjara
https://www.facebook.com/Narinjara
ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရန်ဂါမဒီ (သက်ထောင်) တွင် အဖွားအို တစ်ဦး သေဆုံးပြီး နေအိမ်နှင့် ဆိုင်ခန်း ၂၀၀ ခန့် မီးရှို့ ဖျက်ဆီးခံရ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ရန်ဂါမဒီ (သက်ထောင်) တွင် အဖွားအို တစ်ဦး သေဆုံးပြီး နေအိမ်နှင့် ဆိုင်ခန်း ၂၀၀ ခန့် မီးရှို့ ဖျက်ဆီးခံရ Reviewed by THITHTOOLWIN on 16:29 Rating: 5
Powered by Blogger.