ဒုက္ခသည်စခန်းက သေဆုံးသူ ၃ ဦးအတွက် စုံစမ်းနေ

မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းက အသတ်ခံရတဲ့သူတွေရဲ့ ရုပ်အလောင်းကို တွေ့ရစဉ်။ Courtesy: Myitkyina News
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းက ကချင်အမျိုးသား သုံးဦး အသတ်ခံရတဲ့ကိစ္စကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့တွေက အဖြစ်မှန်ပေါ်အောင် စုံစမ်း စစ်ဆေးနေတယ်လို့ မန်စီမြို့နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

တိကျတဲ့သက်သေတွေကို ရှာဖွေနေတယ်လို့ မန်စီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဇော်လွင်ဦး က ပြောပါတယ်။

"ခိုင်မာတဲ့ အထောက်အထားနဲ့ သက်သေတွေကိုရအောင် ကျနော်တို့လုပ်နေပါတယ်၊ ကျနော်တို့က တိတိကျကျ ခိုင်ခိုင်မာမာဖြစ်မယ့် သက်သေကို ရှာနေတုန်းရှိပါတယ်၊ လက်ရှိက တည်တည်ငြိမ်ငြိမ်ပါပဲ ခင်ဗျ"

ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေတယ်ဆိုတဲ့ မရန်ဘရန်ဆိုင်း၊ အင်ခွန်ဂမ်အောင်၊ လဗျနော်ခွန်း ဆိုသူ ၃ ဦးဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ ညဦးပိုင်းက နေ့စားလုပ်ကိုင်ပြီးအပြန်မှာ နယ်မြေခံ ခမရ ၃၁၉ တပ်မတော်သားတွေက ခေါ်ဆောင်သွားတယ်လို့ မိုင်းခေါင်ရွာအုပ်ချုပ်ရေးမှူး ဦးပီတာဘောက်နော် က ပြောပြပါတယ်။

မေလ ၂၈ ရက်နေ့က မိုင်းခေါင်ရွာအရှေ့ဘက် လေးမိုင်လောက်ဝေးတဲပနေရာမှာ အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့တာလို့ မိုင်းခေါင်ရွာသားတွေက ပြောပါတယ်။

လတ်တလော ရရှိထားတဲ့ အချက်အလက်တွေအရ ကျူးလွန်သူ ဘယ်သူတွေလဲဆိုတာကို မသိရှိသေးကြောင်းနဲ့ အခြေအနေမှန်ကို စုံစမ်းနေဆဲလို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတွေက ဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဒုက္ခသည်စခန်းက သေဆုံးသူ ၃ ဦးအတွက် စုံစမ်းနေ ဒုက္ခသည်စခန်းက သေဆုံးသူ ၃ ဦးအတွက် စုံစမ်းနေ Reviewed by THITHTOOLWIN on 05:13 Rating: 5
Powered by Blogger.