မူဆယ်၊ မေ ၁၉။
ယနေ့ (မေလ ၁၉ရက်) နေ့လယ် ၂း၄၅ အချိန်ခန့်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ နမ့်ဖတ်ကာ အုပ်စု၊ ခိုမုန်းကျေးရွာ မိုင်တိုင် အမှတ် (၂၅၇/၇ ) အနီးတွင် မူဆယ် မှ မန္တလေးသို့ထွက်ခွာလာသည့် မြတ်မန္တာလာထွန်း ခရီးသည်တင်ယာဉ်ကို အမည် မသိလက်နက်ကိုင် အဖွဲ့တစ်ခုက မီးရှို့ခဲ့ကြောင်း လားရှိုးမြို့ရှိ၊ ရှမ်းပြည်နယ်၊ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီးအောင်မြတ်မိုးကယနေ့ ညနေပိုင်းတွင် AHN သို့ပြောသည်။
“ကားပေါ်မှာ ခရီးသည် ၃၃ ယောက်ပါတယ်။ လက်နက်ကိုင်အဖွဲ့တစ်ခုက ခရီးသည်တွေကိုဆင်းခိုင်းပြီး ကားကို မီးရှို့သွားတာပါ။ ဘယ်အဖွဲ့ကလည်း ဆိုတာကိုတော့ စုံစမ်းဆဲပါ။ ခရီးသည်တွေကိုတော့ရွာထဲမှာ ထားပေးထားပါတယ်။ ခရီးသည်တွေ ထိခိုက်မှုမရှိပါဘူး “ ဟု ရဲမှူးကြီးအောင်မြတ်မိုးကပြောသည်။
ခရီးသည်တင်ကားတစ်စီး မီးရှို့ခံရသည်ဟုကြားသိရကြောင်း၊ အသေးစိတ်ကိုမူမသိရှိရသေးကြောင်း ကွတ်ခိုင်မြို့နယ်၊ ဗြဟ္မစိုရှ်လုံးသား လူမှုကုညီရေးအသင်းမှ ဦးခင်မောင်ထူးကပြောသည်။
မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် မီးရှို့ခံရသည်ဆိုခြင်းမှာ မှန်ကန်ပါကြောင်း၊ ခရီးသည်များထိခိုက်မှုမရှိကြောင်း ၊ အသေးစိတ် အချက်အလက်များကိုလည်း မသိရှိရသေးကြောင်း မြတ်မန္တလာထွန်းခရီးသည်တင်ယာဉ်လိုင်းမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးကပြောသည်။
နန်းမိုခမ်း
PHOTO- Sai Sai Thein KME
The Asia Heart News
ခရီးသည်တင်ယာဉ်ကို လက်နက်ကိုင်အဖွဲ့တစ်ခုက မီးရှို့
Reviewed by THITHTOOLWIN
on
19:53
Rating: