မေ ၂၄
တစ်နိုင်ငံလုံးရှိ အကျဉ်းသားများထဲမှ အချို့အား ယနေ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးရာတွင် မြစ်ကြီးနားအကျဉ်းထောင်မှ အကျဉ်းသား သုံးဦးလည်း ပါဝင် လွတ်မြောက်ခဲ့သည်။
ထိုကဲ့သို့ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားအချို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းသည် ဒုတိယအကြိမ် ၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ပင်လုံညီလာခံကို ကြိုဆိုသည့်အနေဖြင့် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် မြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းသား သုံးဦး ပါဝင်ခဲ့ခြင်း ဖြစ်သည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြစ်ကြီးနားအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သူများမှာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မဖြင့် ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်သော ကိုနောင်လတ်၊ ကိုအောင်မိုင်နှင့် ကိုနော်ဂျာတို့ ဖြစ်ပြီး ၎င်းတို့သည် ၂၀၁၆ ခုနှစ်အတွင်း ပြစ်ဒဏ်ကျခံခဲ့ရသူများ ဖြစ်သည်။
ထိုသို့ မြစ်ကြီးနား အကျဉ်းထောင်မှ အကျဉ်းသား သုံးဦး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသကဲ့သို့ ဗန်းမော်အကျဉ်းထောင်တွင် မတရားအသင်း ဆက်သွယ်မှုပုဒ်မဖြင့် ပြစ်ဒဏ်ကျခံနေရသည့် ကိုသောင်းမြင့် (ခ) ကိုဇော်ဒွဲ အပါအဝင် လဝက အက်ဥပဒေနှင့် ပြစ်ဒဏ်ကျခံနေရသော တရုတ်နိုင်ငံသားနှစ်ဦးဖြစ်သည့် ချိန်စိကွေ့နှင့် ရန်ကျုတ်တို့လည်း ပြန်လည်လွတ်မြောက်ခဲ့သည်ဟု သိရသည်။
ယနေ့ ပြုလုပ်ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့် ရရှိသူများထဲတွင် ကချင်ပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် အကျဉ်းသား ခြောက်ဦး လွတ်မြောက်ခဲ့သည်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် အသီးသီးမှ ပြန်လည်လွတ်မြောက်ခဲ့သူ စုစုပေါင်းမှာ မြန်မာနိုင်ငံသား ၂၅၉ ဦးနှင့် နိုင်ငံခြားသား ၇၃ ဖြစ်ပြီး နိုင်ငံခြားသားများကိုမူ ပြည်နှင်ဒဏ် ပေးသွားမည် ဖြစ်ကြောင်း မေလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မရုံးမှ ကြေငြာချက်များအရ သိရသည်။
ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
လွတ်ငြိမ်းချမ်းသာခွင့် ရသူများထဲတွင် မြစ်ကြီးနားမှ သုံးဦးပါဝင်
Reviewed by THITHTOOLWIN
on
14:45
Rating: