မော်တော်ယာဉ် အစီး (၂၀) ခိုးယူခဲ့သူများကို WY စိတ်ကြွဆေးများနှင့်အတူ ဖမ်းဆီးရမိ

သာကေတမြို့နယ်မှ မော်တော်ယာဉ်ခိုးယူသွားသူများကို ပဲခူးမြို့တွင် WY စိတ်ကြွဆေးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မော်တော်ယာဉ် ခိုးမှုများကိုပါ ဆက်လက် ဖမ်းဆီးဖော်ထုတ်နိုင်
ရန်ကုန်၊ ဧပြီ ၃

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်မှ မော်တော်ယာဉ်ခိုးယူသွားသူများကို ပဲခူးမြို့တွင် WY စိတ်ကြွဆေးများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မော်တော်ယာဉ် အစီး  (၂၀) ခိုးမှုများကိုပါ ဆက်လက် ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ကြောင်း သိရှိရရပါသည်။

ဖြစ်စဉ်မှာ ၂၅.၂.၂၀၁၇ ရက်နေ့ ၂၀၄၅ အချိန်တွင် သာကေတမြို့နယ်နေ ဦး----- သည် ၎င်းပိုင် AA---- CALDINA မော်တော်ယာဉ်အား နေအိမ်တိုက်ရှေ့တွင် ရပ်ထားခဲ့ကာ ပြင်ဦးလွင်မြို့နယ်သို့ အလုပ်ကိစ္စဖြင့် သွားရောက်ခဲ့ပြီး ၂၈.၂.၂၀၁၇ ရက်နေ့ ၀၆၀၀ အချိန်ခန့်တွင် ပြန်လည်ရောက်ရှိရာမှ
နေအိမ်ရှေ့တွင်ရပ်ထားခဲ့သော မော်တော်ယာဉ်မှာ ပျောက်ဆုံးနေသဖြင့် အရေးယူပေးရန်တိုင်တန်းချက်အရ သာကေတနယ်မြေရဲစခန်း (ပ)၁၉၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(ကား) ဖြင့် အမှုဖွင့်ကာ ခိုးယူသူအား ဖမ်းဆီးရမိရေးစုံစမ်း ဆောင်ရွက်ခဲ့သည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ ရဲအကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် သာကေတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ၂၈.၂.၂၀၁၇ ရက်နေ့ ၁၈၁၀ အချိန်တွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၁၆၈)ရပ်ကွက်ရှိ ထွန်းထွန်းဝင်း၏နေအိမ်ရှေ့၌ အမှုမှ ပျောက်ဆုံးသွားသော မော်တော်ယာဉ်အား ရှေ့နံပါတ်ပြားပြောင်းလဲ တပ်ဆင်ထားလျက် ပြန်လည်သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းဆောင်ရွက်ခဲ့ရာ ၅.၃.၂၀၁၇ ရက်နေ့ ၀၆၃၀ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရှင်စောပုရပ်ကွက်၊ မဟာဗန္ဓုလလမ်းမကြီးနှင့် ဆိုရှယ်လစ်လမ်းထောင့်၌ 8M----လိုက်ထရပ်ယာဉ်နှင့်အတူ ထွန်းထွန်းဝင်း၊ ပြောင်ကြီး(ခ)အစိတ်သား(ခ)ကျော်မင်း၊ အောင်လွင်နှင့် မနိုင်နိုင်မော်တို့ ၄ ဦးအား WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား(၆၁၂၀)ပြား၊ လက်ကိုင်ဖုန်း
၃ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ပဲခူးမြို့မရဲစခန်း မယ(ပ)၁/၂၀၁၇၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေ ပုဒ်မ၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။


ဖမ်းဆီးရမိသူ ထွန်းထွန်းဝင်းအားစစ်ဆေးရာ ၂၇.၂.၂၀၁၇ ရက်နေ့ ၁၂၀၀ အချိန်ခန့်တွင် သန်လျင်မြို့နယ်နေ ညီပုလေး(ခ)ညီထွေးမှ အမှုမှပျောက်ဆုံး မော်တော်ယာဉ်နှင့်အတူ ရောက်ရှိလာပြီး ယာဉ်အား နေအိမ်ရှေ့တွင်ရပ်ထားခဲ့ကာ ပြန်သွားခဲ့ကြောင်း၊ ၂၈.၂.၂၀၁၇ ရက်နေ့တွင် ၎င်းရပ်ထားခဲ့သော မော်တော်ယာဉ်ကို ရဲတပ်ဖွဲ့ဝင်များမှ လာရောက်သိမ်းဆည်းသွားကြောင်း သိရှိရသဖြင့် ပြောင်ကြီး(ခ) အစိတ်သား(ခ)ကျော်မင်းနှင့်အတူ တိမ်းရှောင်နေခဲ့ကြောင်း၊ ၎င်းတို့
၂ ဦးသည် ညီပုလေး(ခ)ညီထွေး ခိုးယူရရှိလာသော မော်တော်ယာဉ်၂၀ စီးခန့်ကို ဒါးကြီးနှင့်အတူ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၂၂)ရပ်ကွက်၊ ပန်းဘဲလမ်းနေ ကျော်မင်းမင်းစိုးထံသို့ မော်တော်ယာဉ် ၁၀ စီးနှင့် ကရင်ပြည်နယ်၊ လိပ်သိုမြို့ရှိ ဖထီး(စုံစမ်းဆဲ)ထံသို့ ၁၀ စီးကို ရောင်းချနိုင်ရန် ပို့ဆောင်ပေးခဲ့ဖူးကြောင်း သိရှိရပါသည်။


ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ဆက်စပ်သူ ညီပုလေး(ခ)ညီထွေး၊ ဒါးကြီး၊ကျော်မင်းမင်းစိုးနှင့် ဖထီးတို့အား ဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်နေစဉ် သာကေတနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက ၈.၃.၂၀၁၇ ရက်နေ့ ညပိုင်းတွင် သာကေတမြို့နယ်၊ (၉)ရပ်ကွက်၊ ကမာကြည်တံတားပေါ်၌
ယာဉ်စစ်ပိတ်ဆို့ဆောင်ရွက်ရာမှ ကျော်စိန်ဆိုသူအား ၁၈ယ/-----YINXIANG အမျိုးအစားဆိုင်ကယ်နှင့်အတူ စစ်ဆေးတွေ့ရှိရသဖြင့် ယာဉ်စည်းကမ်းဥပဒေနှင့်အညီ အရေးယူနိုင်ရေးဆောင်ရွက်ခဲ့ရာ ကျော်စိန်မှာ မော်တော်ယာဉ်ခိုးမှုဖြင့် ရဲတပ်ဖွဲ့မှအလိုရှိနေသည် ညီပုလေး(ခ)ညီညီထွေးဖြစ်ကြောင်း စိစစ်သိရှိရသဖြင့် ၁၀.၃.၂၀၁၇ ရက်နေ့တွင် ဆိုင်ကယ်အား လာရောက်ထုတ်ယူရန် စည်းရုံးပြောဆိုပြီး သာကေတနယ်မြေရဲစခန်းတွင် ဆိုင်ကယ်လာထုတ်ယူစဉ် ဖမ်းဆီးရမိခဲ့ကာ ဒါးကြီး(ခ)ဖြိုးအောင်သက်အား ၁၁.၃.၂၀၁၇ ရက်နေ့တွင် ၎င်းနေထိုင်ရာ ဒေါပုံမြို့နယ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနမှတပ်ဖွဲ့ဝင်များက ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၂၂)ရပ်ကွက်၊ ပန်းဘဲလမ်းနေ ကျော်မင်းမင်းစိုး၏နေအိမ်ခြံဝင်းအတွင်းသို့ သွားရောက်စစ်ဆေးခဲ့ရာ 1C-9867 နံပါတ်တပ်ဆင်ထားသော CALDINA အဖြူရောင်ယာဉ်(၁)စီး၊ 1E-3341 နံပါတ်တင်ဆင်ထားသော Pro box အဖြူရောင်မော်တော်ယာဉ်(၁)စီး၊ ၂ဂ/၅၅၃၂ နံပါတ် တင်ဆင်ထားသော TOYOTA estima emina မော်တော်ယာဉ်(၁)စီးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းမော်တော်ယာဉ်များနှင့် ပတ်သက်၍စစ်ဆေးရာ ၁၆.၃.၂၀၁၇ ရက်နေ့တွင် အလုံမြို့နယ်၊ ပဒေသာလမ်းနှင့် ဆင်မင်းလမ်းထောင့်တွင်ရပ်ထားသော BB----CALDINA မော်တော်ယာဉ်အားလည်းကောင်း၊ ၄.၃.၂၀၁၇ ရက်နေ့တွင် သန်လျင်မြို့နယ်၊ အုပ်ဖိုစုရပ်ကွက် ကန်သာယာ လမ်းထိပ်တွင်ရပ်ထားသော 1E---- Probox ယာဉ်အားလည်းကောင်း ခိုးယူခဲ့ကြောင်းပေါ်ပေါက်ခဲ့သည့်အပြင် EMINA အမျိုးအစား မော်တော်
ယာဉ်မှာလည်း လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်းသိရှိရပြီး ၎င်းယာဉ်တွင် တပ်ဆင်ထားသော ၂ဂ/၅၅၃၂ ယာဉ်အမှတ်မှာ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ Nissan Diesel CD48ZW Truck အမျိုးအစား မော်တော်ယာဉ်မှ ယာဉ်အမှတ်ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၂၁၃/ ၂၀၁၇၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်ခဲ့ပါသည်။

အမှုမှဖမ်းဆီးရမိသော ပြစ်မှုကျူးလွန်သူများအား သက်ဆိုင်ရဲစခန်းများ၌ ဖွင့်လှစ်ထားသော မော်တော်ယာဉ်ခိုးမှုများဖြင့် အရေးယူဆောင်ရွက်လျက်ရှိပြီး ကျန်ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက် အရ သိရှိရပါသည်။

သစ်ထူးလွင်

မော်တော်ယာဉ် အစီး (၂၀) ခိုးယူခဲ့သူများကို WY စိတ်ကြွဆေးများနှင့်အတူ ဖမ်းဆီးရမိ မော်တော်ယာဉ် အစီး (၂၀) ခိုးယူခဲ့သူများကို WY စိတ်ကြွဆေးများနှင့်အတူ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:17 Rating: 5
Powered by Blogger.