USDP အနိုင်ရတဲ့ ကျိုင်းတုံ မဲရလဒ် ကို NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်ဖို့ ပြင်ဆင်

ရှမ်းပြည်နယ်အတွင်းက မဲရုံတစ်ရုံကို တွေ့ရစဉ်။ Photo: Aung Thain Kha/ RFA
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနိုင်ရရှိတဲ့ ကျိုင်းတုံမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်နေရာ အတွက် ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာ တင်သွင်းဖို့ ပြင်ဆင်နေပါတယ်။

ကျိုင်းတုံမဲဆန္ဒနယ်မှာ ပြည်သူ့စစ်အဖွဲ့တွေရဲ့ လွှမ်းမိုးမှု ရှိနေတဲ့အတွက် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ အဲဒီမဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်း ဒေါက်တာ ၀ဏ္ဏစိုး က ပြောပါတယ်။

"အဓိက တရားမျှတမှု မရှိဘူးပေါ့။ ရွေးကောက်ပွဲဟာ။ အဓိကတော့ ပြည်သူ့စစ်တွေ လွှမ်းမိုးမှု အများကြီးပါတယ်။ လက်နက်အပြည့် အစုံနဲ့ စောင့်ကြည့်နေတယ်။ ကျနော်တို့ နည်းနည်း တိုင်ပင်နေသေးတယ်။ အချက်အလက်တွေ စုဆောင်းနေသေးတယ်။ အချက်အလက်တွေ စုဆောင်းပြီး ပါတီကို တင်ပြရအုံးမယ်။ ပါတီရဲ့သဘောထားကို သေသေချာချာ မသိသေးဘူး။"

ကျိုင်းတုံမဲဆန္ဒနယ် အမှတ်(၂)က မဲရုံအချို့မှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေက လက်နက် အပြည့်အစုံနဲ့ မဲရုံပရ၀ုဏ်ထဲမှာ ရှိနေခဲ့တယ်လို့လည်း ဒေါက်တာ ၀ဏ္ဏစိုးက ပြောပါတယ်။

မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကျိုင်းတုံမဲဆန္ဒနယ် အမှတ် (၂) က လစ်လပ်နေတဲ့ ပြည်နယ် လွှတ်တော် နေရာအတွက် ကြံ့ခိုင်ဖံွ့ဖြိုးရေးပါတီ၊ NLD ပါတီ၊ SNLD ပါတီ၊ SNDP ပါတီ၊ အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြ တာ ဖြစ်ပါတယ်။

အဲဒီမဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးပါတီက ဦးရှာမွေလရှဲန်က ဒေါက်တာဝဏ္ဏစိုးကို မဲ ၃ ထောင်ကျော် အသာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာလည်း ကျိုင်းတုံမဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
USDP အနိုင်ရတဲ့ ကျိုင်းတုံ မဲရလဒ် ကို NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်ဖို့ ပြင်ဆင် USDP အနိုင်ရတဲ့ ကျိုင်းတုံ မဲရလဒ် ကို NLD ကိုယ်စားလှယ်လောင်း ကန့်ကွက်ဖို့ ပြင်ဆင် Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.