ရွှေမြတ်မင်းသမီး KTV မီးလောင်မှုကြောင့် လူ ၁၅ ဦးသေဆုံးခြင်းမှာ အဆိပ်ငွေ့ရှုမိ၍ သေဆုံးခြင်း ဖြစ်နိုင်ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့မှူး ပြော
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ၊ သစ္စာလမ်းနှင့် မြင်သာ(၂၉)လမ်းထောင့် မြင်သာရပ်ကွက်တွင် ဖွင့်လှစ်ထားသော ရွှေမြတ်မင်းသမီး အအေးခန်းစားသောက်ဆိုင် (KTV) ၌ ဧပြီ ၂ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်က မီးလောင်းကျွမ်းမှုဖြစ်ပွားခဲ့ရာ ၁၅ ဦး သေဆုံးပြီး ၁ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်။
‘’ဒီ KTV အခန်းတွေမှာ အသံလုံအောင် လုပ်ထားတဲ့ ရေမြှပ်တွေရှိတယ်။ အထူ၆ လက်မလောက်ရှိပါတယ်။ အဲဒီရေမြှပ်တွေကို ဆိုဖာတွေလုပ်တဲ့နေရာမှာလည်းသုံးတယ်။ ဒီမှာ အသံလုံအောင်လုပ်ထားတဲ့ ရေမြှပ်တွေအပြင် ဆိုဖာတွေလည်း ရှိနေပါတယ်။ ဒါတွေက မီးလောင်လို့ရှိရင် ဓာတ်ငွေ့က အဆိပ်ဓာတ်ငွေ့ဖြစ်တဲ့အတွက်ကြောင့် ရှူမိတာနဲ့ မူးမေ့သွားမှာဖြစ်ပါတယ်။ တကယ်လို့ မရှူမိပဲနဲ့ထွက်လာမယ်ဆိုရင်လည်း လှေကားနားမှာ ပိတ်ပြီး မီလောင်တာဖြစ်တဲ့အတွက် အောက်ကိုမဆင်းနိုင်တော့ဘူး။ အကုန်လုံးလမ်းကြောင်း ပိတ်ဆို့ပြီး သေသွားတဲ့သဘောပါပဲ”ဟု တိုင်းမီးသတ်တပ်ဖွဲ့မှူး ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က ဧပြီ ၃ ရက်တွင် ပြောကြားသည်။
မီးလောင်ကျွမ်းခံရပြီး သေဆုံးသွားသော အမျိုးသား ၁၁ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ မည်သူမည်ဝါဖြစ်သည်ကို ယနေ့ညနေ ၆ နာရီတွင် အပြီးသတ်ထုတ်ပြန်ပေးမည်ဟု မကွေးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းက ပြောသည်။
လောလောဆယ်တွင် မီးလောင်သေဆုံးသူ ၁၀ ဦး၏ အမည်စာရင်းများ ထွက်ပေါ်လာခဲ့ပြီး ကျန် ၅ ဦး၏အမည်နာမများကို အတည်မပြုနိုင်သေးချေ။
မီးလောင်မှုတွင် ဒဏ်ရာရရှိခဲ့သည့် မ၀တ်ရည် (အသက် ၁၉ နှစ်) မန္တလေးချမ်းအေးသာဇံမြို့နယ်နေသူအား မကွေးတိုင်းဆေးရုံးတွင် ကုသပေးလျက်ရှိကြောင်းနှင့် လောလောဆယ်တွင် အသက်အန္တရာယ်မစိုးရိမ်ရသော်လည်း စိတ်ချရသည့်အနေအထားမရှိကြောင်း ခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ဦးမိုးမြင့်က ပြောသည်။
မီးလောင်မှုဖြစ်ပွားသော ရွှေမြတ်မင်းသမီးအအေးခန်းစားသောက်ဆိုင်ပိုင်ရှင်မှာ ဦးရဲညွန့်အသက်(၅၂)နှစ် ဖြစ်ပြီး မကွေးမြို့မရဲစခန်းမှ (ပ) ၁၉၁/၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၀၄ (က) အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ထွန်းက ပြောဆိုသည်။
စောကျော်ဝင်း
News Watch
https://www.facebook.com/NewsWatchJournal/
ရွှေမြတ်မင်းသမီး KTV မီးလောင်မှုကြောင့် လူ ၁၅ ဦးသေဆုံးခြင်းမှာ အဆိပ်ငွေ့ရှုမိ၍ သေဆုံးခြင်း ဖြစ်နိုင်ကြောင်း တိုင်းမီးသတ်တပ်ဖွဲ့မှူး ပြော
Reviewed by THITHTOOLWIN
on
15:57
Rating: