လူသတ်မှုတရားခံပြေးအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး

လူသတ်မှုတရားခံပြေးအား သွားရောက်ဖမ်းဆီးစဉ် ဓားဦးချွန်ဖြင့် ပြန်လည် ခုခံရန်ပြုသဖြင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး
ရန်ကုန်၊ ဧပြီ ၂

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ)ရပ်ကွက်၊ ရွှေဥဒေါင်းလမ်း၊ အမှတ်(၈)မြေညီထပ်တွင် လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးဖြစ်သူတစ်ဦးကို ဧပြီလ ၁ ရက်နေ့ ညက ရဲတပ်ဖွဲ့ ဝင်များက သွားရောက်ဖမ်းဆီးရာမှာ ပြန်လည်ခုခံ သဖြင့် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း သိရှိရပါသည်။

၁.၄.၂၀၁၇ ရက်နေ့ ၂၂၁၅ အချိန်ခန့်တွင် တာမွေမြို့နယ်၊ တာမွေကြီး (က+ဂ)ရပ်ကွက်၊ ရွှေဥဒေါင်းလမ်း၊ အမှတ်(၈)မြေညီထပ်တွင် လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံပြေးဖြစ်သူတစ်ဦး ရောက်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး Call Center
၏ 199 သတင်းအရ တာမွေမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက သွားရောက် သတင်းအတည်ပြုဆောင်ရွက်ခဲ့ပြီး ၂၃၅၅ အချိန်တွင် လှည့်ကင်းမော်တော် ယာဉ်တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံပြေးဖြစ်သူ တင်စိုး၊ (၅၄)နှစ်မှာ နေအိမ်ထပ်ခိုးပေါ်တွင်ရှိနေပြီး ရဲတပ်ဖွဲ့မှ အသာတကြည် အဖမ်းခံရန်ပြောဆိုခဲ့ရာ ၎င်းမှလိုက်နာခြင်းမရှိဘဲ အိပ်ယာဘေးတွင် အသင့်ထားရှိသော အရိုးအသွား(၁၁)လက်မခန့်ရှိ ခွေးသွားစိတ်များပါရှိသည့် ဓားဦးချွန်ဖြင့် ပြန်လည်ခုခံရန်ပြုသဖြင့် ရဲတပ်ဖွဲ့မှ ခြောက်လုံးပြူးသေနတ်ဖြင့် အမိုးပေါ်သို့(၁)ချက်ခြောက်လှန့် ပစ်ခတ်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ရန်ပြုနေသဖြင့် Pump Action ပြောင်းချောသေနတ်ဖြင့် (၁)ချက်ပစ်ခတ် ဖမ်းဆီးခဲ့ရာ ၎င်း၏ယာဘက်ပေါင်သို့ထိမှန်ပြီး ဒဏ်ရာများရရှိခဲ့၍ ၀ိုင်းဝန်းထိန်းသိမ်းကာ ရဲဆေးစာနှင့်အတူ ရန်ကုန်ဆေးရုံကြီးသို့ ပို့အပ်ကုသလျက်ရှိပါသည်။

အဆိုပါ တရားခံပြေးဖြစ်သူ တင်စိုးသည် တာမွေမြို့မရဲစခန်း(ပ)၈၈၆/၂၀၁၄၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆ အမှုမှ ၃၀၂ အမှုသို့ပြောင်းလဲဖွင့်လှစ်ခဲ့သည့်အမှုမှ တရားခံပြေးတစ်ဦးဖြစ်ကြောင်း၊ ၁.၁.၂၀၁၅ ရက်နေ့တွင် ရန်ကုန် အရှေ့ပိုင်း ခရိုင်တရားရုံးတွင် တရားခံပြေးအဖြစ်တရားစွဲဆိုထားသူဖြစ်ပြီး ၎င်းအားအမှုဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

သစ်ထူးလွင်

လူသတ်မှုတရားခံပြေးအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး လူသတ်မှုတရားခံပြေးအား သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီး Reviewed by THITHTOOLWIN on 06:43 Rating: 5
Powered by Blogger.