အိမ်အကူမိန်းကလေးတဦး လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခံရမှုတခု ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင်ဖြစ်ပွားခဲ့သည်။ မအိအိအောင်ဆိုသူ အသက် ၁၃ နှစ်အရွယ် အိမ်အကူမိန်းကလေးသည် ညှဉ်းပန်းနှိပ်စက်မှုကြောင့် မိန်းမကိုယ်နေရာအပါအ၀င် ခန္ဓာကိုယ်အနှံ့၌ ဒဏ်ရာရရှိခဲ့ပြီး နှိပ်စက်သူ တာမွေမြို့နယ်၊ ဗညားဒလလမ်း၊ ဘိုးလိန်းအောင်မင်္ဂလာရပ်ကွက်၊ အမှတ် (၆၀၉)၊ (ဘီ-၁) ၊ (၆) လွှာတွင် နေထိုင်သူ ဦးခင်မောင်အေးအား မတ် ၃၁ ရက်တွင် တာမွေမြို့မရဲစခန်းမှ ပုဒ်မ ၃၂၅/၃၂၆ ဖြင့် အမှုဖွင့်အရေးယူထားသည်။
မအိအိအောင်သည် ဦးခင်မောင်အေး၏ နေအိမ်သို့ ကွမ်းသီးစိတ်ဇကာချလုပ်ငန်းတွင် ကူညီလုပ်ကိုင်ရန် လွန်ခဲ့သည့် ၁နှစ်ခွဲခန့်က ရောက်ရှိခဲ့ပြီး လွန်ခဲ့သော ၁ လခန့်မှစ၍ ဦးခင်မောင်အေးက မအိအိအောင်အား ရိုက်နှက်နှိပ်စက်ခဲ့သည်ဟုဆိုသည်။
ထို့ကြောင့် မအိအိအောင်သည် မတ် ၃၀ ရက်တွင် ဦးခင်မောင်အေး၏ နေအိမ်မှထွက်ပြေးစဉ် တာမွေပလာဇာအနီးရှိ ဆိုက္ကားဂိတ်မှ ဆိုက္ကားဆရာများ၏အကူအညီဖြင့် သူမ၏ဆွေးမျိုးများရှိရာ ဒေါပုံမြို့နယ်သို့ ရောက်ရှိခဲ့ပြီး အဆိုပါမြို့နယ်နေ ဒေါ်ယမင်းဆိုသူမှ ခေါ်ယူစောင့်ရှောက်ထားသည်။ လက်ရှိတွင် ဒေါ်ယမင်းသည် မအိအိအောင်၏အမှုအား လိုက်ပါကူညီဆောင်ရွက်ပေးနေသူဖြစ်သည်။
မေး- သူက ဒီတာမွေကနေပြီးတော့ ဒေါပုံဘက်ကို ထွက်ပြေးလာတယ်လို့ ပြောတယ်။ ဒေါပုံကို ဘယ်က ဘယ်လိုရောက်လာတာလဲ။
ဖြေ- ဒေါပုံကို ရောက်လာတာက ဒီလိုလေ။ အန်တီတို့အိမ်ဘေးနားမှာ ပလာဇာမှာလေ စာစောင်ရောင်းတဲ့ ဒေါ် . . . ဆိုတာ ရှိတယ်။ ဒါ အန်တီတို့နဲ့ဆိုရင် လေးအိမ်မြောက်ပေါ့။ အဲဒီဒေါ် . က စာစောင်က အဲဒီထဲမှာရောင်းတော့ ဆိုက်ကားသမားတွေက ဒေါ် . . . ကို အမေကြီးလို့ ခေါ်တယ်တဲ့။ အမေကြီးရယ် လာပါဦးပေါ့။ အမေကြီးက ဟေ့ ဘာဖြစ်လို့လဲလို့ မေးလိုက်တော့ ကလေးလေးတယောက်ကို ခေါ်သွားပါ။ ဒီကလေးက ဒေါပုံက၊ သူ့မှာ အမျိုးရှိတယ်။ ဒေါပုံအိမ်ကို ပို့ပေးပါဆိုပြီးတော့ ကျွန်တော်တို့ကို အကူအညီတောင်းလို့ ကျွန်တော်တို့က ဒေါပုံကို မသိဘူး။ ဒေါ် . . . ပဲရှိတယ်ဆိုပြီးတော့ ဒေါ် . . . ကို လှမ်းခေါ်လိုက်တာ။ အဲဒါ ဒေါ် . . . က လှမ်းကြည့်လိုက်တော့ ကားနှစ်စီးကြားထဲမှာ အဲဒီကလေးက အထုပ်ကလေးနဲ့ ငုတ်တုပ်ကလေးထိုင်နေတယ်တဲ့။ အဲဒါနဲ့ ဒေါ် . . .က ဒေါပုံ ဘယ်အနားမှာရှိတာလဲ သမီးလို့ မေးတော့ ဒေါပုံတရားရုံးနောက်မှာ သူ့အမျိုး တွေရှိပါတယ်တဲ့။ ဒေါ် . . .က အဲဒီကလေးလေးကိုခေါ်လာတယ်။ ကလေးက အသားတွေတုန်နေတယ်တဲ့။ ကလေးက ဘာမှမစားရသေးဘူးလို့ပြောလို့ အဲဒီအနား ပတ်ဝန်းကျင်မှာရှိတဲ့ မုန့်ဟင်းခါးဆိုင်မှာ ၀ယ်ကျွေးတော့ မုန့်ဟင်းခါးကောင်းကောင်းမစားနိုင်ဘူးတဲ့။ ပါးစပ်က မ၀ါးနိုင်ဘူး။ မ၀ါးနိုင်တာရယ်၊ နောက်သူ့နောက်မှာ လူတွေလိုက်နေသလားဆိုပြီးတော့ နောက်ကိုပဲလှည့်ကြည့်၊ လှည့်ကြည့်နဲ့၊ သမီးရယ် မကြောက်နဲ့၊ အဘွားခေါ်သွားမယ်ဆိုပြီးတော့ ချော့ပြီးတော့ သူ့ကို မုန့်ဟင်းခါးတပွဲကုန်အောင်ကျွေးပြီးတော့ အိမ်ကိုခေါ်လာတယ်ပေါ့။ ဒေါ် . . .ကလည်း အလုပ်များတယ်။ အလုပ်များတော့ ကလေးကို ဒီလိုပဲ ထားထားလိုက်တာပေါ့။ ထားထားလိုက်တော့ ဒေါ် . . .ရဲ့ မြေးလေးနဲ့ အန်တီတို့အိမ်ဘေးနားမှာ မုန့်ဆိုင်ရှိတယ်လေ။ မုန့်ဆိုင်မှာ မုန့်လာဝယ်တော့ အန်တီရဲ့ ချွေးမလေးက အမေ၊ အမေ လာကြည့်ပါဦးတဲ့။ အဲဒီကလေးမလေးက ဒေါ် . . .တို့အိမ်ရောက်နေတယ်။ ဒေါ် . . .တို့အိမ်က ကိုယ့်အိမ်နဲ့ နီးကပ်နေတာဆိုတော့ ဒေါ် . . .တို့အိမ် လူစိမ်းရောက်လည်း သိတယ်လေ။ ကလေးတယောက် ရောက်လည်း ကိုယ်သိနေတာဆိုတော့ ဒီကလေးကိုခေါ်ပြီးတော့ မေးတော့ ကလေးက ကြောက်လို့ မပြောရဲဘူး။ ဒေါ် . . .ရဲ့ မြေးလေးက ဒီနှစ်မှ ကျောင်းတက်မယ်။ ၅ နှစ်ပဲရှိသေးတယ်။ သူ့နာမည် လုံးလုံးလို့ခေါ်တယ်။ လုံးလုံးက ဟုတ်ကဲ့ အန်တီငြိမ်းလေးရယ်တဲ့။ အဲဒါ ထွက်ပြေးလာတာတဲ့။ ဆိုပြီးတော့ အဲဒီကလေးက အစဖော်လိုက်တော့မှ ၀ိုင်းပြီးတော့ မေးကြတယ်။ မပြောဘူး။ ဒေါ် . . .အိမ်ပေါ်တက် သွားတယ်။ အဲဒီမှာ မကြီးငြိမ်း၊ မကြီးငြိမ်းက အန်တီချွေးမ။ အန်တီချွေးမလေးက အမေလာပါဦးတဲ့။ အဲဒီလိုပဲ ကလေးလေးက ထွက်ပြေးလာတယ်။ အိမ်ရှင်ကရိုက်လို့ ထွက်ပြေးလာတယ်လို့ လုံးလုံးလေးက ပြောတယ်။ အမေ သွားမေးကြရအောင်တဲ့။ ကလေးမှာလည်း ဒဏ်ရာတွေနဲ့ဆိုတော့ အဲဒီမှာ အန်တီက လိုက်သွားပြီးတော့ မေးတာ။ မေးတော့ တော်တော်နဲ့ မပြောဘူး။ ကြောက်လို့။ လူမြင်ရင် ကြောက်နေတာ။ လူမြင်ရင် ကြောက်နေတာ။ အဲဒီမှာ သူ့ကို နွေးနွေးထွေးထွေးလေးထားပြီးတော့ သမီး မကြောက်နဲ့။ သမီးမျက်နှာလေးကလည်း ရောင်ကိုင်းနေတာပဲ သမီးလေးရယ်။ အမှန်တိုင်းပြော၊ အန်တီ့ကို မကြောက်နဲ့ဆိုတော့မှ ငိုပြီးပြောတယ်။ ငိုပြီးတော့မှ တကိုယ်လုံးကို ချွတ်ပြတယ်။ ကလေးက ဘယ်သူ့ရှေ့မှာမှ မရှက်တော့ဘူး။ အကုန်လုံးကို ချွတ်ပြတာ။ ကြည့်တဲ့သူတိုင်းက မျက်ရည်ကျတယ်။ သူတို့ကို ခေါ်လာတာ တလ သုံးသောင်းနဲ့၊ ကွမ်းသီးတွေ ဆန်ခါလှည့်ဖို့ဆိုပြီး ခေါ်လာတာ၊ သမီးကို ဘာလို့ အရိုက်ခံရတာလဲဆိုတော့ သမီးက တနေ့ကို အချိန် ၅ ပိဿာ၊ အချိန် ၁၀ အဲဒီလိုလုပ်ရတာဆိုတော့ ကလေးက မနိုင်ဘူး။ မှားတဲ့အခါလည်း မှားတာပေါ့။ အကြီးထဲကို အသေးထည့်တယ်။ အသေးထဲကို အကြီးထည့်တဲ့အခါကျတော့ မှားတဲ့အခါကျတော့ သမီးကို ရိုက်တယ်တဲ့။ ရိုက်လေ ဒီဗန်းကို မကိုင်နိုင်လေပေါ့။ မကိုင်နိုင်လို့ ရိုက်လေ၊ ရိုက်တော့ နောက်ပိုင်းကျတော့ ကလေးက သူလည်းပြန်ပြောမိမယ်ပေါ့နော်။ ပြန်ပြောမိတဲ့အခါကျတော့ သူ့ကို အကုန်လုံး မီးတွေနဲ့ရှို့တာ။ အဲဒီမှာ ဒေါ် . . . ကျွန်မ ဒီကလေးကို ခေါ်သွားမယ်။ ဒေါ် . . . ကလည်း ခေါ်သွားပေါ့။ ငါတို့ဘာမှ မလုပ်တတ်ဘူးတဲ့။ အိမ်ကို ခေါ်တယ်။ အိမ်ကိုခေါ်ပြီးတော့ အန်တီ့အနေနဲ့ သက်ဆိုင်ရာတွေကို လှမ်းပြီးတော့ အကြောင်းကြားပြီးတော့ ၃၁ ရက်နေ့ကျတော့ သက်ဆိုင်ရာတွေရဲ့ ပြောဆိုမှုတွေနဲ့ တာမွေရဲစခန်းမှာ အမှုဖွင့်တယ်။
မေး- သူရောက်လာတာ ဘယ်နေ့ကလဲ၊ ၃၀ ရက်နေ့ကလား။
ဖြေ- ၃၀ ရက်နေ့ရောက်တယ်။ ၃၀ ရက်နေ့ မနက် ၉ နာရီမှာ အိမ်ပေါ်က ဆင်းပြေးလာတယ်တဲ့။ နောက်ဖက်လှေကားပေါက်ကနေ ဆင်းပြေးလာတယ်။ သူနဲ့အတူ နောက်ထပ်တယောက်ကျန်ပါသေး တယ်တဲ့။ သူ့ သူငယ်ချင်းတဲ့။ နှစ်ယောက်၊ တရွာတည်းပဲ။ တယောက်ကျန်နေခဲ့တယ်။ အဲဒီကလေးမ လေးက ရေချိုးခန်းထဲမှာ ရေချိုးနေတဲ့အချိန် သူ့ကို အိမ်သာဆေးခိုင်းတော့ သူက အိမ်သာမဆေးဘဲနဲ့ ဆင်းပြေးလာတယ်။ ဟိုကလေးမလေးက ရေချိုးပြီးလို့ ထွက်ကြည့်တော့ သူက အောက်ဆုံးကို ရောက်သွားပြီတဲ့။ ရောက်သွားပြီ ဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒီကလေးမလေးက လက်လှမ်းပြလိုက်တယ်တဲ့။ သူ့အိမ်ကိုလည်း ဖုန်းဆက်ပေးပါဆိုပြီးတော့ လက်လှမ်းပြလိုက်တယ်တဲ့။
မေး- နောက် သူပြောတဲ့ ဒေါပုံမှာ သူ့ဆွေမျိုးအိမ်ဆိုတာကရော တွေ့လား။ တကယ်ရှိလား။
ဖြေ- ဒေါပုံ ကလေးက ပြောတာ တရားရုံးလို့။ လွန်ခဲ့တဲ့ တနှစ်ခွဲလောက်က မှတ်ထားလိုက်တာ။ ခရိုင်တရားရုံးကတော့ သိပ်မကြာသေးခင်က ဖွင့်လှစ်မှာထင်တယ်။ ခရိုင်နဲ့ မြို့နယ်နဲ့မှားတာ။ မြို့နယ် တရားရုံးဆိုပြီး ဒေါ် . . . ပြောလိုက်တာ။ သွားရှာတာက မြို့နယ်။ ဒါပေမဲ့ အခု အဆက်အသွယ်ရတော့ ခရိုင်တရားရုံးရဲ့ အနောက်မှာ။ သူ့ဆွေမျိုးတွေက။
မေး- အခု ဒီအမှုဖြစ်လာပြီးတဲ့နောက်မှာ ဆွေမျိုးတွေလိုက်ပါပြီးတော့ လုပ်ပေးတာတွေရှိလား။ ကူညီပေးနေတာတွေ ရှိလား။
ဖြေ- ဆွေမျိုးတွေက ဘယ်လောက်ထိ အ,သလဲဆိုလို့ရှိရင် အန်တီတို့ အမြင်မှာပေါ့နော်။ ဒီကလေးရဲ့ ပိုက်ဆံကို လာထုတ်တယ်တဲ့။ လာထုတ်တဲ့အခါမှာ ဒီမှာ (ဘေးက ကလေးဒဏ်ရာကိုပြပြီး) ဒီဒဏ်ရာနဲ့ ဒီဒဏ်ရာဖြစ်နေတဲ့အချိန်မှာ ပိုက်ဆံလာထုတ်သွားတယ်။ အပေါ်ထပ်မှာ သူ့ကိုတင်ထားတယ်။ အောက်ထပ်မှာ ပိုက်ဆံထုတ်သွားတယ်တဲ့။ သူတို့ တူမလေးဘယ်မှာလဲမေးတော့ ခရီးထွက်နေတယ်။ သူ့မိန်းမနဲ့ ခရီးထွက်နေပါတယ်ပြောပြီး လိမ်လိုက်တာကို နောက်တခေါက် ပြန်မလာဘူး။ အဲဒီလောက်ထိ အ,တဲ့ ဆွေမျိုးတွေ။
ကျေးဇူးတင်ပါတယ်။
(မင်းထင် မေးမြန်းသည်။)
News Watch
https://www.facebook.com/NewsWatchJournal
မအိအိအောင်အား ခေါ်ယူစောင့်ရှောက်ထားသူ ဒေါ်ယမင်းနှင့် အင်တာဗျုး
Reviewed by THITHTOOLWIN
on
21:09
Rating: