သျှမ်းပြည်မြောက်ပိုင်း အတွင်း လေပြင်း မုန်တိုင်း တိုက်ခတ် မိုးသီးကြီးကြွေ ပျက်စီးဆုံးရှုံးမှုများပြား
ဧပြီလ ၃ ရက် ၂၀၁၇
သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင်အတွင်း လေပြင်းမုန်တိုင်းတိုက်ခတ် မိုးသီးကြီးများကြွေကျရာ နေအိမ်များ ပျက်စီးပြီး ဒဏ်ရာရမှုလည်းရှိကြောင်း သိရသည်။
ဧပြီလ ၂ ရက် မနက်ပိုင်းက တန့်ယန်းမြို့နှင့် လားရှိုး သိန္နီမြို့တို့တွင် လေပြင်းမုန်တိုင်းနှင့်အတူ မိုးသီးများကြွေကျခဲ့ခြင်းဖြစ်သည်။
“တန့်ယန်းမြို့နယ် ဟွေကြိမ်ကျေးရွာအုပ်စု နမ့်ဟူးလွယ်ကာ မိုင်းကြိမ် ဘက်မှာ လေပြင်းတိုက် မိုးသီးကြွေတယ် ။ အဲဒီဒေသက ဖရဲသီးခြံနဲ့ မုန်ညှင်းခြံတွေ ဧကပေါင်းများစွာပျက်စီးပါတယ်။ ကောင်းစန်း၊ ပန်လောင်၊ ပန်နွဲ့ နမ့်မူဆယ်၊ လွယ်ဝေါ လွယ်ပျက် မန်ကောင်းမူး ရွာတွေမှာအထိနာတယ်။ ဟွေကြိမ် မူလတန်း ကျောင်း၊ ဟွေ့အော့ ခိုဟင်ရွာ နားပန်ရွာက ဗုဒ္ဓစာပေနဲ့သျှမ်းစာသင်တန်း ကျောင်းလည်း တော်တော်လေးပျက်စီးသွားတယ်။ ကွန်မောင်းကျေးရွာမှာလည်း အိမ် ၁၀လုံး ပျက်စီးတယ်။ ခေါင်မိုးတွေလှန်ထွက်ပြီးလေနဲ့အတူပါသွားတယ်။ ” - ဟု တန့်ယန်းဒေသခံ လုံးစိုင်းကပြောသည်။
နွေရာသီ သျှမ်းစာပေသင်ကြားရေးအတွက် သျှမ်းစာပေသင်တန်းကျောင်းသို့ ရောက်ရှိ နေသော ဟွေကြိမ်ရွာမှ ကလေးငယ်တစ်ဦးလည်း ဦးခေါင်းတွင် အနည်းငယ်ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း တန့်ယန်းမြို့မှ ဦးစိုင်းသန်းတင် ကပြောသည်။
"ဦးခေါင်းထိခိုက်တဲ့ကလေးကဒဏ်ရာမပြင်းထန်ပါဘူး။ဆေးရုံသွားတော့ ၃ ချက်ချုပ်ရတယ်။ စာသင် ကျောင်းရဲ့ခေါင်မိုးလွှင့်ထွက်သွားပါတယ်။တစ်ခုလုံးလွှင့်ထွက်သွားတာရစရာမရှိအောင်ပျက်စီးသွားပါတယ်။အိမ်အချို့လည်းပျက်စီးတယ်။မိုးသီးတွေကကွမ်းသီးလုံးလောက်ရှိပြီးစိုက်ခင်းတွေပေါ်ကျလို့စိုက်ခင်းတွေပျက်စီးတာလည်းရှိပါတယ်။" ဟု ဦးစိုင်းသန်းတင်ကပြောကြောင်း တန့်ယန်းသတင်းစာမျက်နှာတွင် ရေးသားထားသည်။
လားရှိုးမြို့တွင် မိုးရွာသွန်းမှုရှိခဲ့သော်လည်း မိုးသီးကြွေမှုတော့မကြားရပေ။ အလားတူ သိန္နီကွန်လုံ ဟိုပန်လမ်းတွင်လည်း ဧပြီလ ၂ ရက်နေ့မနက်ပိုင်းက မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ကြီးများကျိုးကျလမ်းပိတ်ကာ ပန်လော့ ၀ိန်းနန်းရွာအနီးကားလမ်းပိတ်ဆို့မှုဖြစ် ခဲ့ရကြောင်း သိန္နီသားတဦးက ၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင်ဖော်ပြထားသည်။
သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
သျှမ်းပြည်မြောက်ပိုင်း အတွင်း လေပြင်း မုန်တိုင်း တိုက်ခတ် မိုးသီးကြီးကြွေ ပျက်စီးဆုံးရှုံးမှုများပြား
Reviewed by THITHTOOLWIN
on
16:34
Rating: