မကွေးတိုင်းမှာ ရေနံလက်ယက်တွင်းရန်ပုံငွေ ၇ဘီလီယံကျော် စာရင်းပျောက်နေကြောင်း စစ်ဆေးတွေ့ရှိ


ရေနံလက်ယက်တွင်းရန်ပုံငွေ ၂.၈ ဘီလီယံ ကောက်ယူထားပြီး အစိုးရသစ်ထံ လွှဲပြောင်းပေးခြင်းမရှိတဲ့အတွက် မကွေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ အပါအ၀င် အစိုးရအဖွဲ့ဝင်ဟောင်းတွေ ကို ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးရာမှာ ၇ ဘီလီယံကျော်အထိ ပျောက်ဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ လက်ရှိမကွေးတိုင်း အစိုးရအဖွဲ့က ပြောပါတယ်။

ရေနံလက်ယက်တွင်းနဲ့ ပတ်သက်တဲ့ အခွန်အခတွေ ၂.၈ ဘီလီယံလောက်ရှိခဲ့တယ်ဆိုပြီး လက်ရှိအစိုးရအဖွဲ့ထံ လုပ်ငန်းရှင်တွေရဲ့ တိုင်ကြားမှုတွေကြောင့် စစ်ဆေးလိုက်တဲ့အခါမှာ ၇.၄၅၉ ဘီလီယံအထိ စာရင်းပျောက်နေတာကို တွေ့ရှိတာဖြစ်ကြောင်း ပြည်ထောင်စုအစိုးရက အကြောင်းကြားလာတာ ဖြစ်တယ်လို့ မကွေးတိုင်း အလုပ်အကိုင်၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးနေမျိုးကျော် က ပြောပါတယ်။

" အစိုးရအဖွဲ့ဆီကိုတော့ ရေနံလက်ယက်တွင်းနဲ့ ပတ်သက်တဲ့ အခွန်အခတွေ ၂.၈ ဘီလီယံလောက် ရှိခဲ့တယ်လို့ ပေးသွင်းခဲ့ရတဲ့ လူပုဂ္ဂိုလ် တွေ၊ သတင်းအချက် အလက်အားဖြင့် ကျနော်တို့ကို ပေးပို့လာတဲ့ အရင်းအမြစ်တွေ အပေါ် မူတည်ပြီးတော့မှ တကယ်စိစစ်တဲ့အခါကျတော့ ၇.၄၅၉ ပေါ့နော်၊ ဘီလီယံ လောက် အထိ ပျောက်ဆုံး နေတာကို စာရင်းဇယားတွေနဲ့အတူ တွေ့ရှိရတဲ့အတွက် ပြည်ထောင်စု က ဒါကို အကြောင်းကြားလာတယ်။ "

အဲဒီငွေကြေးတွေကို ဒေသဖွံ့ဖြိုးရေးမှာ သုံးစွဲထားတာလား၊ ဒါမှမဟုတ် ဒီငွေတွေကို ဥပဒေပြင်ပ နည်းလမ်းတွေနဲ့ သုံးစွဲတာတွေရှိသလားဆိုတာကို ပြည်ထောင် စုရှေ့နေချုပ်က ဆက်လက်စစ်ဆေး နေတယ်လို့လည်း ပြောပါတယ်။

၇ ဘီလီယံကျော်ဟာ ရေနံလက်ယက်တွင်းတွေက ထွက်ရှိတဲ့ ခန့်မှန်းရေနံစည်ပေါင်း သိန်း ၂၀ ကျော် အတွက် သယ်ယူခတွေ၊ ၀န်ဆောင်ခတွေအဖြစ် လုပ်ငန်းရှင်တွေက ပေးသွင်းထားတာဖြစ်တယ်လို့ သိရပါတယ်။

ရေနံလက်ယက်တွင်းရန်ပုံငွေ ၂.၈ ဘီလီယံ ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် မေလက ပွင့်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် က ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်းခဲ့ပြီးနောက် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှုပြုလုပ်တဲ့အခါမှာ တိုင်းစာရင်းစစ်အဖွဲ့၊ တိုင်းအခွန်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ် စတာတွေက လိုအပ်တဲ့ အချက်အလက်တွေကိုသာ ပံ့ပိုးပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှု တစ်ခုလုံးကို ပြည်ထောင်စုအစိုးရအဖွဲ့ က ဆောက်ရွက်တာလည်း ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မကွေးတိုင်းမှာ ရေနံလက်ယက်တွင်းရန်ပုံငွေ ၇ဘီလီယံကျော် စာရင်းပျောက်နေကြောင်း စစ်ဆေးတွေ့ရှိ မကွေးတိုင်းမှာ ရေနံလက်ယက်တွင်းရန်ပုံငွေ ၇ဘီလီယံကျော် စာရင်းပျောက်နေကြောင်း စစ်ဆေးတွေ့ရှိ Reviewed by THITHTOOLWIN on 20:34 Rating: 5
Powered by Blogger.