ကုန်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသောယာဉ်နှင့် နေအိမ်၊ လမ်းလျှောက်သွားနေသူများ တိုက်မိသဖြင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ |
ဧပြီလ ၃ ရက်နေ့ ယနေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်း အတိုင်း လှိုင်မြို့နယ်ဘက်မှ ကြည့်မြင်တိုင်မြို့နယ်ဘက်သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသော ယာဉ်နှင့် နေအိမ်၊ လမ်းလျှောက်သွားနေသူများအား တိုက်မိသဖြင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ ရှိကြောင်း သိရပါသည်။
ဖြစ်စဉ်မှာ ၃.၄.၂၀၁၇ ရက်နေ့ ၀၀၀၅အချိန်ခန့်တွင် ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်း အတိုင်း လှိုင်မြို့နယ်ဘက်မှ ကြည့်မြင်တိုင်မြို့နယ်ဘက်သို့ ယာဉ်မောင်းသန်းဦး၊ (၂၃)နှစ်၊ မောင်းနှင်လာသော 8B-----နစ်ဆန်းဒီဇယ်ထရပ် ကုန်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင်ရပ်ထားသော လိုက်ထရပ်ကိုယ်ပိုင်ယာဉ် အား ၀င်ရောက်တိုက်မိပြီး ဆက်လက်၍ ယာဘက်လမ်းဘေး ပလက်ဖောင်းပေါ်သို့ တက်ရောက်သွားကာ လမ်းလျှောက်သွားနေသူ ကိုကျော်လင်းဦးနှင့် မသင်းသင်းမော်တို့ ၂ ဦးအား တိုက်မိကာ အရှိန်မထိန်းနိုင်ဘဲ ဆက်လက်၍ တိုက် (၂) နေအိမ်အား ၀င်ရောက် တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ကိုကျော်လင်းဦးတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး မသင်းသင်းမော်မှာ ရန်ကုန်ဆေးရုံးကြီးတွင် အတွင်းလူနာ(စိုးရိမ်ရ)ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် ယာဉ်တိုက်ခံရသည့်နေအိမ်မှာ ပျက်စီးသွားခဲ့ကြောင်း သိရှိရပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း သန်းဦးအား ကမာရွတ်မြို့မရဲစခန်းတွင်း ယာဉ်(ပ)၁၇/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ဖြင့် အမှုရေးဖွင့်ကာ ဖမ်းဆီးစစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
ကုန်တင်ယာဉ်မှ နေအိမ်နှင့် လမ်းလျှောက်သွားနေသူများအား တိုက်မိသဖြင့် တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
08:51
Rating: