ကတ်စနစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် YBS ယာဉ်လိုင်းအချို့တွင် ခရီးသည်မှ ပုံးအတွင်းငွေထည့်သည့်စနစ်ကို ကျင့်သုံးလာ


ခရီးမိုင်အကွာအဝေးအလိုက်သာ ကောက်ခံမည့် ကတ်ပေးစနစ် မေလအတွင်း စတင်ကျင့်သုံးမည်ဖြစ်ရာ ယင်းစနစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် YBS ယာဉ်လိုင်းတချို့တွင် ခရီးသည်မှ ပုံးအတွင်းငွေထည့်သည့်စနစ်ကို ကျင့်သုံးလာကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS စနစ်ကို ၃ လ တကြိမ် အဆင့်မြှင့်တင်မှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

''၀န်ကြီးချုပ်မျှော်မှန်းထားတဲ့အတိုင်း ၃ လတကြိမ် ပြုပြင်ပြောင်းလဲသွားပြီး နောက်ဆိုရင် ကတ်စနစ်ကို သွားမှာ ဆိုတော့ အဲဒီကတ်စနစ်ကို မသွားခင်မှာ လောလောဆယ် ကားပေါ်မှာယာဉ်ကြီးကြပ်ဆိုတာပါတာပေါ့။ ဒါပေမဲ့လည်း တချို့ယာဉ်လိုင်းတွေမှာ ပြည်သူလူထုက ငွေကို ပုံးထဲမှာထည့်ပြီး စီးသွားရင် နောက်ပိုင်းကျတော့ စပယ်ယာမပါသော်လည်းဘဲ သူ့ဘာသာစနစ်တကျသွားတယ်ဆိုတဲ့ အလေ့အကျင့်လေးဖြစ် သွားအောင် ကုမ္ပဏီတွေက ကြိုးစားနေပါတာပါ။ ကတ်စနစ်ကို ယာဉ်လိုင်းအားလုံးမကျင့်သုံးနိုင်သေးတော့ တချို့ကလည်း ပုံးစနစ်ထားရှိပြီးတော့ ပြည်သူလူထုက မိမိအသိနဲ့ မိမိငွေထည့်မယ်။ နောင်ကတ်ပေါ် လာတဲ့အခါ အဆင်ပြေအောင်ဆိုပြီး ကြိုတင်ပြင်ဆင်တဲ့ အပိုင်းတွေနဲ့ လုပ်နေတာတွေရှိပါတယ်။ လိုင်းတော်တော်များများမှာ ကျင့်သုံးနေတယ်''ဟု သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA)မှ တာဝန်ရှိသူတဦးက ပြောသည်။

YBS ယာဉ်လိုင်းအချို့တွင် CCTV များ တပ်ဆင်ပြီး ယာဉ်စီးခထည့်ရမည့် ပုံးများထားရှိကာ ယာဉ်ကြီးကြပ်သူမှ ငွေ အကြွေအမ်းပေးခြင်း၊ ရှေ့အပေါက်မှ တက်စေပြီး ပုံးထဲကို ငွေထည့်ပေးကြရန် လမ်းညွှန်ပေးခြင်း၊ အတက် အဆင်းများကို လမ်းညွှန်မှုများ ပြုလုပ်ပေးနေမှုများရှိနေကြောင်း ခရီးသွားပြည်သူတဦးက ပြောသည်။ မကြာမီ ပြောင်းလဲ ကျင့်သုံးသွားမည့် YBS ကတ်စနစ်အရ ခရီးသည်များမှ အတက်တကြိမ်၊ အဆင်းတကြိမ် ကတ်ဖြတ် သည့်စနစ်ဖြစ်ကြောင်းကိုလည်း ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

''GPS စနစ်တပ်ဆင်တာတွေ ကလည်း အနာဂတ်မှာ အဲဒီကားတွေကို နည်းပညာနဲ့ ထိန်းကျောင်းသွားဖို့ မျှော်မှန်းချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ တယ်လီမက်ထရစ်စနစ်နဲ့ Bus Operation Team ကနေပြီးတော့ ယာဉ်တွေကို စည်းကမ်းထိန်းသိမ်းကြပ်မတ်ဆောင်ရွက်တဲ့အခါမှာ ကားတိုင်းကားတိုင်းဟာ GPS နဲ့ လိုအပ်တဲ့ Device တွေတပ်ဖို့လိုပါတယ်။ တချို့ကုမ္ပဏီတွေက သူ့ကားတွေ မှာ စီစီတီဗွီကင်မရာတွေ တပ်တယ်။ အဲဒါ တွေကို ကျွန်တော်တို့က Record လုပ်တာရှိတယ်။ ယာဉ်ထဲမှာ ပြဿနာတက်တာတွေဆိုရင် Record ကို ပြန်စစ်ဆေးတဲ့ အဖွဲ့တွေနဲ့ စစ်ဆေးတယ်။ အဲလိုလုပ်တော့ နောင်တနေ့ကျတော့ ယာဉ်လိုင်းအလိုက် control လုပ်ရင်လုပ်လို့ရအောင် ပြင်ဆင်တဲ့အနေအထားတွေ တချို့လုပ်နေကြတယ်''ဟု (YRTA)မှ တာဝန်ရှိသူ တဦးက ပြောသည်။

လင်းလင်းအောင်
News Watch
https://www.facebook.com/NewsWatchJournal
ကတ်စနစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် YBS ယာဉ်လိုင်းအချို့တွင် ခရီးသည်မှ ပုံးအတွင်းငွေထည့်သည့်စနစ်ကို ကျင့်သုံးလာ ကတ်စနစ်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် YBS ယာဉ်လိုင်းအချို့တွင် ခရီးသည်မှ ပုံးအတွင်းငွေထည့်သည့်စနစ်ကို ကျင့်သုံးလာ Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.