အစိုးရသစ် ဘာကြောင့် ထင်သလောက် ခရီးမပေါက်သနည်း


ကဏ္ဍတိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့်တိုင် မြန်မာနိုင်ငံ၏အခြေအနေ သိသိသာသာမတိုးတက်လာဟု အင်အယ်လ်ဒီပါတီမှ အရေးပါသည့်ပုဂ္ဂိုလ်အဖြစ် ထင်ရှားသည့် ဦးဝင်းထိန်က ပြောဆိုလိုက်ပါသည်။

လူထုက အလွန်လိုလိုလားလားတင်မြှောက်ထားသည့် အစိုးရ၊ လူထုကို အလွန်တာဝန်ကျေလိုသည့် အစိုးရ။ အစိုးရနှင့် ပြည်သူနှစ်ဦးနှစ်ဖက်တယောက်နှင့်တယောက် ကောင်းကျိုးအလွန်လိုလားကြသည်မှန်သော်လည်း အစိုးရမှာလည်း အခက်အခဲဗရပွနှင့်။ လူထုမှာလည်း အခက်အခဲဗရပွနှင့်။ လူထု ရင်ဆိုင်နေရသည့် မီးပျက်ဆဲ၊ ရေပြတ်ဆဲ၊ လိုင်းကား ကျပ်ဆဲအခြေအနေများကို အစိုးရက ကုစားမပေးနိုင်မီ၊ အင်အယ်လ်ဒီ၏ နာမည်ကျော် ဦးဝင်းထိန်က အထက်ပါစကားကို ထုတ်ပြောလိုက်သည်။ ဦးဝင်းထိန် ကိုယ်တိုင် ဖြစ်ချင်သည်များဖြစ်မလာ၍ မချင့်မရဲ ရင်ဖွင့်လိုက်ဟန်တူပါသည်။

ပြည်သူတို့ကား စစ်အစိုးရအငွေ့အသက် ကိန်းအောင်းနေသည့် ပြည်ခိုင်ဖြိုးအစိုးရလက်အောက်က လွတ်မြောက်သည်ကို ၀မ်းသာသည်။ အမေစု အစိုးရကိုအောင်မြင်စေချင်သည်။ မိမိတို့လည်း အစိုးရ သစ်ကပေးသည့် အောင်မြင်မှုအသီးအပွင့်များကို ခံစားလိုကြပါသည်။ သို့သော် အစိုးရသစ်ဘာကြောင့်ထင် သလောက် ခရီးမပေါက်ပါသနည်း။

အစိုးရသစ်၏ ပထမဆုံးလုပ်သင့်သည့်အလုပ်သည် ဌာနတိုင်းတွင်ရှိနေသည့် နေရာမှန် လူမှန်မဟုတ်သည့် ပြဿနာကိုဖြေရှင်းသင့်ပါလျက် မဖြေရှင်းဖြင်း ဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေး ခေါင်းစဉ် အောက်တွင် ယခင်အစိုးရဟောင်းထားရစ်သည့် ညွှန်ကြားရေးမှူးချုပ်၊ အမြဲတမ်းအတွင်းဝန်စသည့် ပုဂ္ဂိုလ်များ၊ ၀န်ကြီးဌာနအသီးသီးတွင် ဦးစီးဦးဆောင်နေရာ ယူထားသူများကို ပြန်စိစစ်ခြင်းမရှိဘဲ ယခင်အစိုးရ ထားရစ်သည့်အတိုင်း လက်ခံထားပါသည်။ ဤတွင် အပေါ်မှ ကြီးကြပ်ရသူက ၀န်ကြီးတဦးတည်းဖြစ်သော် လည်း အောက်ခြေအဆင့်ဆင့်သည် ဗိုလ်နေမြဲကျားနေမြဲ ယခင်ပုံစံ ယခင်အချိုးများအတိုင်း နေသားကျ နေသည့် ၀န်ထမ်းထုက ကြီးစိုးနေသည်။ တချို့ဌာနများတွင် ၀န်ကြီး၊ ဒုဝန်ကြီးနှစ်ဦးရှိသော်လည်း ၀န်ကြီး ဌာနအများစုကား ၀န်ကြီးတဦးတည်းက ကိုင်တွယ်ဖြေရှင်းနေရသည့် အားနည်းချက်က အချိန်ကြာသော် အဖြေပေါ်လာခြင်းဖြစ်သည်။

အစိုးရအဖွဲ့ကို ဦးဆောင်နေသည့် ဒေါ်အောင်ဆန်းစုကြည် အလွန်တော်သည်။ ထူးချွန်ထက်မြက်သည်မှာ မှန်ပါ၏။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို မည်သူမျှဆန့်ကျင်မပြောရဲကြ။ မဝေဖန်ရဲကြဆိုသည့် သတင်းများကား ပြင်ပတွင် လျှံနေသည်မှာကြာပြီ။ လူတယောက်သည် မည်မျှထူးချွန်ထက်မြက်ပါစေ သူ့တွင် အားနည်းချက်ရှိတတ်ပါသည်။ ထို့ပြင် သူ၏ ဥာဏ်ပညာအတွေးအခေါ်ကို ၀ိုင်းဝန်းအကောင် အထည်ဖော်ပေးရမည့် ပညာရှင်အဆင့်ဆင့် လိုအပ်ပါသည်။ ထိုပညာရှင်များသည် သက်ဆိုင်ရာပညာရပ် နယ်ပယ်နှင့်ပတ်သက်ပါက နိုင်ငံတော်၏အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကိုလည်းကောင်း၊ သမ္မတကြီး ဦးထင်ကျော်ကိုလည်းကောင်း အကျိုးသင့်အကြောင်းသင့် ပြောပြ၀ံ့သူ ရှင်းပြ၀ံ့သူဖြစ်ရန် လိုပါသည်။ ယခု ကြားရသောသတင်းများအရ မည်သူမျှ မည်သည့်ဝန်ကြီးမျှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကို အကျိုး သင့်အကြောင်းသင့် ရှင်းမပြရဲဟူ၏။ စကားကားခြင်းလည်း ဖြစ်နိုင်ပါသည်။

သို့သော် အစိုးရသစ်လက်ထက် ပထမဆုံးရာထူးမှ ထုတ်ပယ်ခံရသည့် လယ်-ဆည် ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း၏အဖြစ်ကိုကြည့်ပါက သည်စကားများ မှန်နိုင်ခြေရှိပါသည်။ လယ်-ဆည်ဒုဝန်ကြီးရာထူးမှ ထုတ်ပယ်ခံရသောအခါ အစိုးရကထုတ်ပြန် သည့်အမိန့်စာအရ လုပ်ငန်းဆောင်ရွက်ရာတွင် ပူးပေါင်းညှိနှိုင်းမှုအားနည်း၍ဟု ဆိုထားသော်လည်း၊ သမ္မတ၏ အမိန့်မထွက်လာမီ အင်အယ်လ်ဒီစီအီးစီ အဖွဲ့ဝင် ဦးဝင်းထိန်က နေရာရွှေ့ခိုင်းခြင်း၊ မရွှေ့ပါက ထုတ်ပယ်မည်ပြောဆိုခြင်းများရှိခဲ့သည်ဟု ဒေါက်တာ ထွန်းဝင်းက ပြောဆိုခဲ့သည်။ သူ၏ဆန္ဒကို သမ္မတထံ နိုင်ငံတော်အကြံပေးထံ စာရေးသားတင်ပြခဲ့သော်လည်း မည်သူနှင့်မှ တွေ့ဆုံခွင့်မရဘဲ ထုတ်ပယ်စာသာ ထွက်လာသည်ဟု ဒေါက်တာထွန်းဝင်းက မီဒီယာများသို့ ပြောဆိုခဲ့ပါသည်။

မြန်မာနိုင်ငံအတွက် လယ်ယာစိုက်ပျိုးရေးသည် အသက်သွေးကြောဖြစ်ပါသည်။ မြို့သစ်များချဲ့ထွင်ခြင်း၊ မြေယာများသိမ်းခြင်း၊ လယ်သမားများကိုယ်တိုင် ဈေးကောင်းရ၍ လယ်များကိုရောင်းချခြင်းများရှိခဲ့ရာ မြန်မာနိုင်ငံ၏ တိုးပွားလာသောလူဦးရေနှင့် လျော့ပါးသွားသော လယ်မြေများအားချိန်စက် အလုပ်လုပ်ရန် လယ်-ဆည်ဝန်ကြီးဌာနကို ဦးဆောင်ရမည့်သူသည် အလွန်အရေးကြီးပါသည်။ ပြင်ပစကားများအရ အဖြုတ် ခံလိုက်ရသည့် လယ်-ဆည် ဒုဝန်ကြီးသည် လုပ်ငန်းကျွမ်းကျင်ပြီး လယ်သမားများကို နားလည်သူဟုဆို ပါသည်။ သို့သော် အစိုးရဘက်မှ ပွင့်လင်းမြင်သာ ဘာမျှ ထုတ်ဖော်မပြောခဲ့ပါ။ ဒီမိုကရေစီအရပ်သား အစိုးရသည် သည်ပုံသည်နည်း ဒုဝန်ကြီးတယောက် အပေါ် ပြုမူဆက်ဆံလိမ့်မည်ဟု ထင်မထားခဲ့ပါ။ ပွင့်ပွင့်လင်းလင်းချပြမည်ဟုသာ ယုံကြည်ခဲ့ခြင်းသည် ပွဲဦးထွက်မှာပင် တပ်လန်ခဲ့ရပါသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ကိစ္စတွင်လည်း ထိုနည်း နှင်နှင်ဖြစ်ပါသည်။ မွန်ပြည်နယ်ဝန်ကြီးချုပ်သည် ၀န်ကြီးချုပ်တာဝန်အပြင် မွန်ပြည်နယ်၏ တခြားဝန်ကြီးဌာနများကိုပါ ပူးတွဲတာဝန်ယူထားရသူ ဖြစ်ပါသည်။ အစိုးရသစ်တက်ပြီး မကြာမီမှာပင် မွန်ပြည်နယ်ဝန်ကြီးချုပ် လွှတ်တော်တကြိမ်သာ တက်သည်။ တက်လျှင်လည်း ပြီးဆုံးသည်ထိမနေဘဲ အကြောင်းပြ ပြန်ထွက်ခွာသည်။ ပြသည့်အကြောင်းပြချက်နှင့် ပြင်ပ တွင် မွန်ဝန်ကြီးချုပ်ရောက်နေသည့် နေရာသည် တခြားစီဖြစ်သည် စသည့်သတင်းများ ထွက်လာပါ သည်။ မွန်ပြည်နယ်ရှိ အထင်ကရဘုန်းတော်ကြီးတပါးကဆိုလျှင် ခြင်္သေ့တွေက မျိုတတ်ဝါးတတ်တယ်။ အသားကျနေပြီ။ ငှက်တွေမစားတတ် စားတတ်စားတော့ အစာနင်နေတယ်ဟု မွန်ဝန်ကြီးချုပ်နှင့် နောက် ပါတစုကို ရည်ညွှန်းပြောဆိုပါသည်။

မွန်ဝန်ကြီးချုပ်အတိုင်ခံရပြီ။ စစ်ဆေးနေပြီ။ အပြစ်တချို့တွေ့သည် စသည့် သတင်းများထွက်လာ သော်လည်း အစိုးရဘက်က အချိန်နှင့်တပြေးညီ ပြည်သူကို ပွင့်လင်းမြင်သာချပြခြင်း၊ ထုတ်ပယ်ခြင်း မပြုခဲ့။ မွန်ဝန်ကြီးချုပ်က မိမိဘာသာမိမိ နုတ်ထွက်သည်ဆိုသော်လည်း မီဒီယာများကို စကားမျိုးစုံပြောသွားသည်။ သတင်းစာတစောင်ကို တမျိုးပြောသည်။ ဂျာနယ်တစောင်ကို တမျိုးပြောသည်။ စင်စစ် အစိုးရ ဘက်က ငဲ့ညှာပြီးမိမိဘာသာနုတ်ထွက်စေပုံရသော် လည်း အင်အယ်လ်ဒီပါတီကို ထိခိုက်စေသောစကား များ အမျိုးမျိုးပြောထွက်သည့် လူမျိုးကို ဤကဲ့သို့ အရေးကြီးသည့်နေရာ ခန့်ထားရန် မည်သူအကြံပေးခဲ့သနည်း။ မည်သို့အကဲဖြတ်လျက် သည်လိုလူမျိုးကို ၀န်ကြီးချုပ်ရာထူးအပြင် ၀န်ကြီးနေရာတချို့ ထပ်မံ အပ်နှင်းပါသနည်း။

အစိုးရသစ် ထင်သလောက် ခရီးမပေါက်ခြင်းသည် ဖော်ပြပါအတိုင်း ယခင်ကျန်ရစ်သည့် ၀န်ထမ်း ဟောင်းများကလည်း မဟန်၊ အစိုးရသစ်ကခန့်သည့် လူသစ်များနေရာမှန် လူမှန်မထားနိုင်ခြင်းက အ ကြောင်းတကြောင်းဖြစ်မည်ဟု ထင်ပါသည်။ အများက ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်အောင်ဆန်းကို နှိုင်းယှဉ်ပြောဆိုကြပါသည်။ ပြည်သူအတွက် စေတနာထားအနစ်နာခံသည့် သားအဖ၊ ထူးချွန်ထက်မြက်ပုံခြင်းတူသည့် သားအဖ၊ ပြည်သူက ချစ်ခင်မြတ်နိုးတန်ဖိုးထားခြင်းကိုခံရသည့် သားအဖ အဖြစ် ပြောဆိုကြပါသည်။ မှန်ပါသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်း ရင်ဆိုင်ခဲ့ရသောအခြေအနေထက် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရသည့် အခြေအနေက ပိုမိုခက်ခဲရှုပ်ထွေးပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်နားတွင် ဖခင်ဗိုလ်ချုပ်ကဲ့သို့ ကိုယ်နှင့်တန်းတူထားဆက်ဆံ၍ရသည့် ခေတ်ပြိုင်များ (ကျောင်းနေဖက် သို့မဟုတ် ရင်ဘတ်မိတ်ဆွေ) မရှိပေ။

ဗိုလ်ချုပ်အောင်ဆန်းတုန်းကသူနှင့် တက္ကသိုလ် အတူရောက်လာသူများ၊ ရှေ့ဆင့်နောက်ဆင့်ရောက် လာသူများ (ဥပမာ- ဒဂုန်တာရာ၊ ညိုမြ၊ တက်တိုး) စသူများရှိသည်။ တဦးနှင့်တဦး မဖုံးမကွယ် မင်းနှင့် ငါနှင့် ပြောကာ ရင်ဖွင့်တိုင်ပင်၍ရသည်။ ကိုအောင် ဆန်းရယ်လို့ ညိုမြတို့၊ တက်တိုးတို့၊ ဒဂုန်တာရာတို့က ကြောက်မနေ။ မပြောရဲမဆိုရဲစရာမရှိ။ သို့ဖြင့် ဗိုလ်ချုပ်သည် အခြေနေမှန်ကို အမြဲသိခွင့်ရနေမည် ဖြစ်သည်။ ထို့ပြင် ဗိုလ်ချုပ်တုန်းကနောက်ကွယ်မှ အားလုံးလုပ်ပေးပြီး မည်သည့်မျှော်ကိုးမှုမှမရှိသည့် ဂျာနယ်ကျော်ဦးချစ်မောင်ကဲ့သို့ လူတော်ရှိသည်။ ဂျာနယ်ကျော်ဦးချစ်မောင်သည် တိုင်းပြည်နှင့် လူမျိုး အတွက်ဟူသော စိတ်ကလွဲ၍ ရာထူး၊ ငွေ၊ စည်းစိမ် နာမည်ကျော်ကြားခြင်း ဘာကိုမျှမလိုချင်သူဖြစ်သည်။ အမေစုနောက်တွင် ဤသို့သော ကန့်လန့်ကာနောက်ကွယ်မှ လူရှိပါလေစ။

ယခုအခါ လျှပ်စစ်မီတာခများ မကြာမီသုံးဆ တက်မည်ဆိုသောသတင်းများ ရိုက်ခတ်နေပါသည်။ မြန်မာနိုင်ငံ၏လျှပ်စစ်လိုအပ်မှုသည် တခြားပြဿနာများကဲ့သို့ နာတာရှည်ဖြစ်နေသည်မှာကြာခဲ့ပြီ။ မကြာမီက လျှပ်စစ်နှင့်ဆိုင်သည့်ဆွေးနွေးပွဲတခု ကျင်းပသည်ဟု ကြားရပါသည်။ ယခင်အစိုးရလက်ထက်တုန်းက လျှပ်စစ်ဝန်ကြီးဌာနတွင် အသိအကျွမ်းတချို့ရှိခဲ့ပါသည်။ ဒုဝန်ကြီးတယောက်နှင့် ညွှန်ကြားရေးမှူးချုပ် တဦးဆိုလျှင် လျှပ်စစ်နှင့်ပတ်သက်ပြီး မည်သို့လုပ်ကိုင်ရမည်ကို ကောင်းစွာနားလည်သည်။ သို့သော် သူတို့ အထက်မှ တာဝန်အရှိဆုံးလူကို တိုးမပေါက်ခဲ့ပေ။

သည်လျှပ်စစ်ဆွေးနွေးပွဲသို့ ဒုဝန်ကြီးဟောင်း တက်ခဲ့သည်ဟု ကြားသိရသည်။ စပ်စုလိုက်တော့ ဒုဝန်ကြီးဟောင်းသည် လက်ရှိမြန်မာနိုင်ငံ၏ လျှပ်စစ် လိုအပ်မှုပြဿနာကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းပြလိုသည်။ သို့သော် ပြောဆိုခွင့် ၁၀ မိနစ်သာရခဲ့သည်ဟူ၏။ အစိုးရဟောင်းထဲမှ တချို့အရာရှိကြီးများသည် ဦးသိန်းစိန်လက်ထက်တွင် ထိန်းထိန်းသိမ်းသိမ်းနေထိုင်ခဲ့သူများလည်းရှိကြပါသည်။ သူတို့သည် လက်ရှိ အစိုးရကို ပူပန်စွာ စောင့်ကြည့်နေသူများထဲတွင်ပါဝင်သည်။ အောင်မြင်စေလိုသည့် ဆန္ဒိရှိသူများထဲတွင် ပါဝင်သည်။

လျှပ်စစ်ညွှန်ချုပ်ဟောင်းက ဆက်ပြောပြပါသည်။ ''နိုင်ငံမှာ လျှပ်စစ်က အမြဲလိုအပ်နေမှာပါပဲ။ ကျွန်တော်တို့ တာဝန်ယူနေရတုန်းကလည်း နှစ်(၃၀) စီမံကိန်းရှိပါတယ်။ ဒါပေမဲ့ လက်တွေ့လုပ်တော့ တိတိ ကျကျမလုပ်ခဲ့ကြဘူး။ အခုအစိုးရသစ်လက်ထက်မှာလည်း လျှပ်စစ်နဲ့ပတ်သက်ရင် ဂျပန်နဲ့ဆွဲထားတဲ့ စီမံကိန်းရှိတယ်။ ကမ္ဘာ့ဘဏ်နဲ့ဆွဲထားတဲ့ စီမံကိန်းရှိတယ်။ နောက်တခုရှိသေးတယ်။ သုံးခုတောင်ရှိတယ်။ ဘယ်စီမံကိန်းကိုပဲ အကောင်အထည်ဖော်ဖို့လုပ်လုပ် ငွေလိုတဲ့ ပြဿနာထွက်လာမှာပဲ။ အခုလက်ရှိအစိုးရ က လုပ်နေတာရှိတယ်။ ပုဂ္ဂလိကက လုပ်နေတာရှိ တယ်။ ပုဂ္ဂလိကလက်ထဲ အပြီးမထည့်ချင်ရင် အစိုးရက အစုရှယ်ယာခေါ်ရမယ်။ လျှပ်စစ်ထုတ်လုပ်တဲ့အပိုင်း၊ ပို့လွှတ်တဲ့အပိုင်း၊ ဖြန့်ဝေတဲ့အပိုင်း ဒီသုံးပိုင်း စလုံးကို ထိန်းကျောင်းစောင့်ကြည့်ပေးတဲ့အဖွဲ့ ဒါမှ မဟုတ် ကော်မတီလိုတယ်။ ဒီသုံးပိုင်းမချိတ်ဆက်နိုင် ရင်လုပ်ငန်းမအောင်မြင်ဘူး။ အခုလိုပဲ လျှပ်စစ်ပျောက်တာ၊ လေလွင့်တာတွေဖြစ်မှာပဲ။ လက်ရှိဓာတ်ကြိုး တွေ၊ ဓာတ်တိုင်တွေက အရည်အသွေးမကောင်းဘူး။ ဒါတွေကိုလည်း နောက်က တချိန်လုံးစစ်ဆေး ပြန်လဲ လှယ်လုပ်နေရမှာ။ လုပ်ရမယ့်ကဏ္ဍက ကြီးမားတယ်။ နိုင်ငံတကာမှာ စောင့်ကြည့်ကြပ်မတ်ပေးတဲ့အဖွဲ့ရှိ တယ်။ မြန်မာမှာမရှိဘူး'' စသဖြင့် ပြောပြပါသည်။

ဝါးနှင့်ပတ်သက်၍လည်း နိုင်ငံခြားတွင် ၁၈ နှစ် အလုပ်လုပ်ပြီး ပြန်လာသည့် သူငယ်ချင်းတဦးက ပြောပြသည်။

''ငါတို့နိုင်ငံမှာ သစ်တွေပြုန်းကုန်ပေမဲ့၊ ၀ါးကတော့ ကျန်သေးတယ်။ ကမ္ဘာမှာ ၀ါးကိုရွှေစိမ်းလို့ တောင် တင်စားခေါ်ကြတာ၊ ၀ါးနဲ့ အိမ်သုံးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းမျိုးစုံ လုပ်လို့ရတယ်။ ဒါပေမဲ့ ငါတို့မှာ နည်းပညာမရှိဘူး။ ၀ါးကို တရုတ်ကို အလုံးလိုက်ရောင်းနေတယ်။ သိပ်နစ်နာတယ်။ ကုလသမဂ္ဂက ငါ့ကိုမေးတယ်။ မင်းတို့ နိုင်ငံက၀ါးနဲ့ပတ်သက်တဲ့ နည်းပညာ အကူအညီပေးတာကို အစိုးရက ဘာလို့ လက်မခံတာလဲတဲ့''

''ငါ ၂၀၁၄ မှာ ရန်ကုန်ပြန်ရောက်တော့ သစ်တောဝန်ကြီးဌာနကိုသွားတယ်။ ကုလသမဂ္ဂကပေးတဲ့ နည်းပညာနဲ့ ငွေကြေးအကူအညီ ၀ါးအတွက် ယူဖို့။ ညွှန်ချုပ်က စစ်ဗိုလ်။ ငါရှင်းပြတာကို နားမလည်ဘူး။ စိတ်လည်း မ၀င်စားဘူး။ ဒုညွှန်ချုပ်က အရပ်သား။ ငါပြောတာကို သဘောလည်းပေါက်တယ်။ တရုတ်က ဒီနည်းပညာရထားတယ်ဆိုတာလည်း သိတယ်။ ညွှန်ချုပ်ကတော့ မယူဘူးလို့ဘဲ ပြန်ပြောတယ်။ နောက် ၆ လလောက်နေတော့ ဒုညွှန်ချုပ်နဲ့ တနေရာမှာ တွေ့တယ်။ သူက အလုပ်ကထွက်ပြီးပြီ။ ၀ါးနည်းပညာကို လိုချင်သတဲ့။ ဘာလို့ချိတ်ဆက်ပေးရမှာလဲ။ သူက ကိုယ်ပိုင်စီးပွားရေးလုပ်မှာ။ ငါက ဒီနည်းပညာ ဒီအကူအညီကို နိုင်ငံအတွက် ဖြစ်စေချင်တာ”

ယခုအစိုးရသစ်တက်လာပြီးနောက် ကုလသမဂ္ဂကပေးသည့် ၀ါးနည်းပညာယူမည်ဆိုပါက ၀ါးအလွန်ပေါသော မွန်ပြည်နယ် သို့မဟုတ် ကော့မှူးမြို့နယ် တ၀ှိုက်တွင် ၀ါးမှ အိမ်ဆောက်ပစ္စည်းမျိုးစုံထုတ်သော စက်ရုံထောင်ပြီး လည်ပတ်နိုင်ပါသည်။ နယ်မှ ဒေသခံများစွာ အလုပ်အကိုင်ရကြမည်ဖြစ်ပါသည်။ ဆိုင်ကယ် ကယ်ရီသမားလေးများ စက်ရုံထဲ ရောက်လာကြပေမည်။

အစိုးရအနေဖြင့် အကြံကောင်းဥာဏ်ကောင်းပေးနိုင်သော ပြည်သူများ၊ ၀န်ထမ်းဟောင်းများထံမှ အကြံဥာဏ်များကို ရယူသင့်ပါသည်။ ၁၀ မိနစ်ပဲ ပြောပါ။ ၁၅ မိနစ်ပဲပြောပါ။ မကန့်သတ်ဘဲ သူတို့၏ အတွေ့အကြုံများ အကြံဥာဏ်များကို နားထောင် သင့်ပါသည်။ ဂျာနယ်ကျော်ဦးချစ်မောင်လောက် ဘက်စုံမတော်စေကာမူ တတ်ကျွမ်းရာတနေရာရှိပြီး အစိုးရကိုမျှဝေပေးချင်သူများ ရှိကြပါသည်။ သူတို့သည် နိုင်ငံနှင့်လူမျိုး ကောင်းစားစေလိုသည့် စိတ်မှအပ မည်သည့်မျှော်ကိုးမှုမှ မရှိကြပါ။

တနှစ်တာခရီးလျှောက်ခဲ့ပြီးပြီဖြစ်သော အစိုးရအနေဖြင့် လုပ်ငန်းများရည်မှန်းသလောက် မအောင် မြင်ခြင်းအပေါ် ပြန်လည်ဆန်းစစ်ဝေဖန်ခြင်း၊ လုပ်နည်းလုပ်ဟန်ပြောင်းခြင်း၊ လူပြောင်းခြင်းတို့ကို လုပ် ဆောင်ချိန်တန်လေပြီ။

ခင်နှင်းဦး
News Watch
https://www.facebook.com/NewsWatchJournal
အစိုးရသစ် ဘာကြောင့် ထင်သလောက် ခရီးမပေါက်သနည်း အစိုးရသစ် ဘာကြောင့် ထင်သလောက် ခရီးမပေါက်သနည်း Reviewed by THITHTOOLWIN on 11:34 Rating: 5
Powered by Blogger.