ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သ၀ဏ်လွှာပေးပို့


၁၉၈၈ခုနှစ် မတ် ၁၃ ရက်တွင် ကျဆုံးခဲ့သော စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့၏ ၂၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို မတ် ၁၃ရက် နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ ကြို့ကုန်းရှိ ရန်ကုန်နည်းပညာတက္ကသိုလ်စုဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံကပေးပို့သောသ၀ဏ်လွှာတွင် မြန်မာပြည်၏ အပြောင်းအလဲများသည် မတ်လမှ အစပြုကာ ဖြစ်ပေါ်လေ့ရှိပြီး ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကျဆုံးမှုသည်လည်း မတ်လ၏ သမိုင်းမှတ်တမ်းတစ်ခုဖြစ်ကြောင်း၊ အငြင်းပွားမှုကို လက်နက်ဖြင့် ဖြေရှင်းကြခြင်းကြောင့် ၀မ်းနည်းဖွယ်အဖြစ်ဆိုးမျိုးကို ကျောင်းသားထုနှင့် ပြည်သူလူထု ကြုံဆုံခဲ့ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ ကျဆုံးခဲ့ရခြင်းသည် အထွေထွေအကျပ်အတည်းကြောင့် အပြောင်းအလဲလိုလားနေသူ ပြည်သူများကို တပ်လှန့်သလိုဖြစ်ခဲ့ကြောင်း၊ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရန် အချိန်တန်ကြောင်း၊ စတင်လျှောက်လှမ်းရန် အချိန်ကျပြီဟု ပြည်သူလူထုတရပ်လုံးကို အသိပေးနှိုးဆော်ခဲ့ကြောင်းကို ထည့်သွင်းပြောကြားခဲ့သည်။


ထို့အပြင် ဒီနေ့ဒီအချိန်တွင် ထိုအဖြစ်ဆိုးမျိုးကို မမေ့မလျော့ကျင်းပခြင်းသည် အတိတ်၏ သမိုင်းဒဏ်ချက်အတွင်း ပိတ်လှောင်နေရန်မဟုတ်ကြောင်း၊ သမိုင်းသင်ခန်းစာယူပြီး နောင်တွင် အခုလိုမျိုး ထပ်မံမကြုံတွေ့ရအောင် မည်ကဲ့သို့ဆောင်ရွက်မည်၊ မည်ကဲ့သို့ ရင်ဆိုင်ကျော်လွှားပြီး အနာဂတ်အတွက် ကောင်းအောင်ဖန်တီးမည်ဆိုသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။

ထို့အပြင် နိုင်ငံအတွက် အနစ်နာခံ၊ အထိခိုက်ခံခဲ့သော အာဇာနည်များကို လွမ်းဆွတ်တန်ဖိုးထားသောအားဖြင့် ငြိမ်းချမ်းသောလူ့ဘောင်နှင့် ဒီမိုကရေစီပန်းတိုင်ကို အမှန်တကယ်ရောက်သည်အထိ ချီတက်သွားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။

News Watch
https://www.facebook.com/NewsWatchJournal/
ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သ၀ဏ်လွှာပေးပို့ ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သ၀ဏ်လွှာပေးပို့ Reviewed by THITHTOOLWIN on 15:50 Rating: 5
Powered by Blogger.