ခွင့်ပြုမိန့်မရဘဲ ဦးဝီရသူ၏ တရားပွဲအား ကျင်းပခဲ့သည့်သူများကို အရေးယူမည်ဟု ဧရာတီတိုင်း စည်ပင်သာယာရေး ၀န်ကြီးပြောကြား
ခွင့်ပြုအမိန့်မရဘဲ ဆရာတော်ဦးဝီရသူ၏ တရားပွဲအား ကျင်ပခဲ့သူများကို တရားစွဲ အရေးယူမည်ဟု ဧရာဝတီ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ စည်ပင်သာယာရေး ၀န်ကြီးဦးကျော်မြင့်က မတ်လ ၁၃ ရက်တွင် The Ladies News သို့ ပြောကြားသည်။
နိုင်ငံတော်သံဃနာယက အဖွဲ့က တစ်နှစ်တရားဟောခွင့် ပိတ်ပင်ထားခြင်း ခံရသော ဦးဝီရသူ၏ တရားပွဲအား မတ်လ ၁၁ ရက် ညတွင် အိမ်မဲမြို့ နယ်၊ သီးကွင်းကျေးရွာ၌ ကျင်းပခဲ့သည်။ ဦးဝီရသူ၏ ဟောပြောချက်များသည် မြို့ရွာများ မတည်မငြိမ် ဖြစ်နိုင်သည့် အတွက်ကြောင့် မတ်လ ၃ ရက်က ကျင်းပခဲ့သော ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့အစည်းအဝေးတွင် ဦးဝီရသူ၏ တရားပွဲများကို ဧရာဝတီတိုင်းအတွင်း၌ ဟောပြောခွင့် ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့သည်။
“ကျုံကူးကျေးရွာမှာ ဟောပြောခဲ့တဲ့ ဆရာတော်ရဲ့ ဟောပြောချက်တွကြောင့် မြို့ရွာများ မတည်မငြိမ် ဖြစ်နိုင်တဲ့ အန္တရာယ် ရှိနိုင်တဲ့အတွက် ဒီဆရာတော်ရဲ့ ဟောပြောခွင့်ကို ၃ ရက်၊ ၃ လ၊ ၂၀၁၇ မှာ ကျင်းပခဲ့တဲ့ တိုင်းဒေသကြီး အစိုးရ အဖွဲ့အစည်းအဝေးကနေ ဆုံးဖြတ်ထားတာ။ အဲလို အနေအထားမျိုးမှာ တရားပွဲကျင်းပလာတယ်၊ တရားပွဲ ကျင်းပလာတဲ့ အခါကျတော့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး၊ ခရိုင်အုပ်ချုပ်ရေးမှူးတွေက တစ်ဆင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ကိုလည်း တိုင်းဒေသကြီးအစိုရက ကျင်းပခွင့်မပြုကြောင်း၊ ကျင်ပပါက အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း၊ သိရှိကြောင်းဆို ပြီးတော့ တရားပွဲ လာလျှောက်တဲ့ သူတွေကို လက်မှတ်ထိုးခိုင်းထားတာ ရှိပါတယ်။ ကျင်းပတဲ့ သူတွေက တရားပွဲကျင်းခွင့်ကို ပိတ်ပင်ထားတဲ့ ကြားထဲက ဒီတရားပွဲကို ကျင်းပသွားတဲ့ အနေအထား ပေါ့ဗျာ။ ကျင်းပသွားတဲ့ နေရာမှာလည်း သူက ၀တ်နည်းလွှတ်အောင်၊ ပါးစပ်ကို တိပ်ကပ်ပြီးတော့၊ သူ ဟောပြောဖူးတဲ့ တရားခွေကို ဖွင့်ပြီးတော့ လုပ်သွားတယ်။ အဲလိုလုပ်သွားတဲ့ နေရာမှာ ဥပဒေနဲ့ ညီသလား၊ မညီဘူးလား ဆိုတာကိုတော့ ဥပဒေနဲ့ဆိုင်တဲ့ ပုဂ္ဂိုလ်တွေကပဲ ဆုံးဖြတ်ပေါ့ဗျာ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ တားမြစ်ထားတဲ့ တရားပွဲ ကျင်းပခွင့်ကို၊ ကျင်းပခွင့်မပြုတဲ့ ကျွန်တော်တို့ ညွှန်ကြားချက်ကို ချိုးဖေါက်လို့ ကျွန်တော်တို့က တရားပွဲ ကျင်းပတဲ့လူတွေကို အုပ်ချုပ်ရေးက တရားစွဲ အရေးယူဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ဧရာဝတီတိုင်း စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
မတ်လ ၉ ရက်တွင် ပြုလုပ်သည့် သတ္တမအကြိမ် နိုင်ငံတော် သဲဃနာယက အဖွဲ့ ၄၇ ပါး စုံညီ စတုတ္ထ အထူးအစည်းအဝေးတွင် ဦးဝိစိတ္တဘိဝံသ (ဦးဝီရသူ) ကို ၂၀၁၇ မတ်လ ၁၀ ရက် မှ ၂၀၁၈ မတ်လ ၉ ရက်အထိ ပြည်တောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း တရားဟောပြောခွင့်ကို ပိတ်ပင်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားကြောင်းနှင့် အဆိုပါ ဆုံးဖြတ်ချက်များအား တိုင်းဒေသကြီး၊ ပြည်နယ် သံဃနာယက အဖွဲ့အားလုံးကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မတ်လ ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အောင်ရဲနောင်
The Ladies News
https://www.facebook.com/News.TheLadies
ခွင့်ပြုမိန့်မရဘဲ ဦးဝီရသူ၏ တရားပွဲအား ကျင်းပခဲ့သည့်သူများကို အရေးယူမည်ဟု ဧရာတီတိုင်း စည်ပင်သာယာရေး ၀န်ကြီးပြောကြား
Reviewed by THITHTOOLWIN
on
21:38
Rating: