ယီမင်အနောက်ပိုင်းတွင် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်း လေတပ်ဖွဲ့တိုက်ခိုက်၍ လူ ၂၂ ဦးသေဆုံး


ဂျီနီဗာ မတ် ၁၁

ယီမင်နိုင်ငံအနောက်ပိုင်းရှိ ဈေးတစ်ဈေးကို ဆော်ဒီအာရေဗျဦးဆောင်သည့် ညွန့်ပေါင်းနိုင်ငံများအဖွဲ့လေတပ်မှ လေယာဉ်များက မတ် ၁ဝ ရက်တွင် တိုက်ခိုက်ခဲ့ရာ လူ ၂၂ ဦးသေဆုံးပြီး လူပေါင်းများစွာထိခိုက်ဒဏ်ရာရကာ ဈေးမှာလည်း မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပင်လယ်နီအနီးရှိ ငါးဖမ်းလုပ်ငန်းများလုပ်ကိုင်သည့် ခါအုခါမြို့မှ အာနိသင်လျော့ပါးသည့်မူးယစ်စေတတ်သော အရွက်များရောင်းချမှုဖြင့် လူသိများထင်ရှားသည့်ဈေးကို ညွန့်ပေါင်းလေတပ်မှ တိုက်လေယာဉ်များက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးလုပ်သားများက မတ် ၁ဝ ရက် ညပိုင်းတွင် မီးငြှိမ်းသတ်ခဲ့ပြီး ရုပ်အလောင်းများကို အဆောက်အအုံအပြိုအပျက်အပိုင်းအစများ အောက်မှဆွဲထုတ်ယူခဲ့ကြရသည်ဟု ဟိုဒီဒက်ရှ်ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဟက်ရှမ်အဇာဇီက ပြောကြားသည်။ သေဆုံးသူအားလုံးမှာ အရပ်သားများဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ယင်းလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူကမူ တစ်စုံတစ်ရာမှတ်ချက်ပေးပြောကြား ခြင်းမရှိပေ။

ခါအုခါမြို့နှင့် ၎င်းမြို့အနီးရှိ ဟိုဒီဒတ်မြို့များသည် အီရန်၏ မဟာမိတ် ဟူသီ လက်နက်ကိုင်တိုက်ခိုက်ရေးသမားများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ဟူသီလက်နက်ကိုင်များသည် ၂ဝ၁၄ ခုနှစ်တွင် ယီမင်နိုင်ငံမြို့တော် ဆာနားကို တိုက်ခိုက်သိမ်းယူခဲ့ပြီး ဆော်ဒီအာရေဗျနိုင်ငံက ထောက်ခံမှုပေးထားသည့် ယီမင်သမ္မတ မန်ဆောဟာဒီနှင့် ၎င်း၏အစိုးရအဖွဲ့ဝင်များမှာ ပြည်ပသို့တိမ်းရှောင်ခဲ့ရသည်။

ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းလေတပ်က ယီမင်နိုင်ငံတွင်းရှိ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဈေးများနှင့် အရပ်သားနေအိမ်များကို တိုက်ခိုက်မှုများ အဆက်မပြတ်ပြုလုပ်ခဲ့ရာ မတ် ၁ဝ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှာ နောက်ဆုံးအကြိမ်ဖြစ်သည်။

ဆင်ဟွာ။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ယီမင်အနောက်ပိုင်းတွင် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်း လေတပ်ဖွဲ့တိုက်ခိုက်၍ လူ ၂၂ ဦးသေဆုံး  ယီမင်အနောက်ပိုင်းတွင် ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်း လေတပ်ဖွဲ့တိုက်ခိုက်၍ လူ ၂၂ ဦးသေဆုံး Reviewed by THITHTOOLWIN on 12:28 Rating: 5
Powered by Blogger.