ဗိုလ်တထောင်မြို့နယ်၊ ကုန်သေတ္တာတင်ယာဉ်ဝင်းအတွင်းဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ


ရန်ကုန်၊ မတ် ၁၃

၁၀.၃.၂၀၁၇ ရက်နေ့ ၀၇၃၀ အချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီးနေ ယာဉ်မောင်းဖြစ်သူ ကိုထွန်းထွန်းမင်း(ခ) ကိုမောင်မြင့်သည် ဗိုလ်တထောင်မြို့နယ်၊ (၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ကုန်သေတ္တာတင်ယာဉ်ဝင်းအတွင်း၌ ရှိနေစဉ် ၎င်းယာဉ်ဝင်းအတွင်းရပ်ထားသော ၎င်း၏ညီဖြစ်သူမောင်းနှင်သည့် 3B-----Nissan (၁၀)ဘီးယာဉ်အနီး၌ အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ သေဆုံးသူမှာ ညီဖြစ်သူ သိန်းဇော်(ခ) စုတ်ဖွား၊ (၂၇)နှစ်ဖြစ်ပြီး ယာဉ်မောင်းအတက်အဆင်းပြုလုပ်သည့်တံခါးအနီး ကွန်ကရစ်လမ်းမပေါ်၌ လည်ဂုတ်တွင်ဝက်အူလှည့် စိုက်လျက်လဲကျ သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရသဖြင့် ညီဖြစ်သူအား သေဆုံးအောင်ပြုလုပ်သူကို အရေးယူ ပေးရန် တိုင်တန်းချက်အရ ဗိုလ်တထောင်မြို့မရဲစခန်း (ပ)၄၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်သို့ သွားရောက်၍ အသေးစိတ်စစ်ဆေးခဲ့ရာ သေဆုံးသူတွင် လည်ဂုတ်ထိုးသွင်း ဒဏ်ရာ ၁ ချက်၊ ၀ဲလက်ပြင်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာပခုံးထိုးသွင်း ဒဏ်ရာ(၁)ချက်၊ ၀ဲလက်မောင်း ပွန်းခြစ်ဒဏ်ရာ(၁)ချက်၊ ၀ဲနားထင်ပွန်းခြစ် ဒဏ်ရာ(၁)ချက်၊ ရင်ညွန့်ထိုးသွင်းဒဏ်ရာ(၁)ချက်နှင့် ဦးခေါင်းဝဲ/ယာချိုစောင်း ပွန်းခြစ်ဒဏ်ရာ(၂)ချက်တို့ရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရပြီး ယာဉ်နောက်လိုက်ဖြစ်သူ အောင်ဇော်မင်းမှာလည်း ပျောက်ဆုံးနေသည့်အပြင် ၎င်းကိုင်ဆောင်သည့် လက်ကိုင်ဖုန်းမှာလည်း စက်ပိတ်ထားသည်ကို မသင်္ကာဖွယ် စစ်ဆေးသိရှိရပါသည်။

အမှုနှင့်ပတ်သက်၍ မသင်္ကာသူ အောင်ဇော်မင်းအား ထိန်းသိမ်းစစ်မေးနိုင်ရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းမှာ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရှိရသဖြင့် မအူပင်ခရိုင်မှုခင်း နှိမ်နင်းရေးဌာနစုမှရဲတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ပူးပေါင်း၍ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မတ်လ ၁၃ရက်နေ့ ၁၀ နာရီခွဲအချိန်ခန့်တွင် မအူပင်မြို့နယ်၊ ပန်းခွာလေးကျေးရွာရှိ ၎င်း၏မိဘများနေအိမ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ အောင်ဇော်မင်းအားစစ်ဆေးရာ ၎င်းသည် လွန်ခဲ့သော(၂)လခန့်က ရန်ကုန်မြို့သို့ရောက်ရှိလာပြီး ကျောက်တံတားမြို့နယ်ရှိ ညပိုင်းတွင် ဖွင့်လှစ်သည့်ထမင်းကြော်ဆိုင်၌ စားပွဲထိုးအဖြစ်လုပ်ကိုင်နေစဉ် သေဆုံးသူမှ ဆိုင်သို့လာရောက်စားသောက်ရာမှ ခင်မင်ရင်းနှီးခဲ့ကြကြောင်း၊ လွန်ခဲ့သော(၁)ပတ်ခန့်မှစတင်၍ သေဆုံးသူမောင်းနှင်သောယာဉ်တွင် ယာဉ်နောက်လိုက်အဖြစ်လုပ်ကိုင်ခဲ့ရာ အခင်းဖြစ်နေ့က ၎င်းနှင့် သေဆုံးသူ သိန်းဇော်(ခ)စုတ်ဖွာတို့(၂)ဦးသည် ယာဉ်နောက်ခန်း၌ အရက်အတူ သောက်ကြရာမှ စကားများရန်ဖြစ်ခဲ့ပြီးနောက် ၎င်းမှ ယာဉ်ရှေ့ခန်းသို့ သွားအိပ်စဉ် သိန်းဇော်(ခ)စုတ်ဖွားရောက်ရှိလာပြီး လက်သီးဖြင့် ထိုးသဖြင့်
အနီးရှိဝက်အူလှည့်ဖြင့်ထိုး၍ ငွေကျပ်(၁)သိန်းခွဲထည့်ထားသော လွယ်အိတ်၊ SAMSUNG J3 အမျိုးအစား လက်ကိုင်ဖုန်းနှင့် MICR အမျိုးအစား Key Pad လက်ကိုင်ဖုန်း(၁)လုံးတို့အား ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

ပေါ်ပေါက်ချက်အရ အမှုမှသက်သေခံပစ္စည်းများ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ကာ ပြစ်မှုကျူးလွန်သူ အောင်ဇော်မင်း၊ (၁၉)နှစ်အား အမှုဖြင့် ဆက်လက် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ဗိုလ်တထောင်မြို့နယ်၊ ကုန်သေတ္တာတင်ယာဉ်ဝင်းအတွင်းဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ ဗိုလ်တထောင်မြို့နယ်၊ ကုန်သေတ္တာတင်ယာဉ်ဝင်းအတွင်းဖြစ်ပွားခဲ့သော လူသတ်မှုမှ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:20 Rating: 5
Powered by Blogger.