မင်္ဂလာဒုံမြို့နယ်၌ ကလေးငယ် ၂ ဦးအား သံတုတ်နှင့်ရိုက်ခြင်း၊ ခါးပတ်နှင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ သံချောင်းအားမီးဖုတ်၍ ခန္ဓာကိုယ်အနှံ့သို့ ထိုး ညှင်းပန်းနှိပ်စက်သူ စတိုးဆိုင်ပိုင်ရှင်အား အမှုဖွင့်အရေးယူ


ရန်ကုန်၊ မတ် ၁၃

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်း၊ မုံရွာလမ်းရှိ ဆွေညီနောင် စတိုးဆိုင်တွင် အလုပ်သမားအဖြစ် လုပ်ကိုင်နေသော ကလေးငယ် ၂ ဦးအား ပိုင်ရှင်ဖြစ်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ်၊ (၄၀)နှစ်မှ ညှင်းပန်းနှိပ်စက်နေကြောင်း သတင်းအရ အမှတ်(၆)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှရဲတပ်ဖွဲ့ဝင်များ၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝင်းရဲကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မိတ်ဘက်အဖွဲ့ အစည်းများ၊ သတင်းမီဒီယာများနှင့် အောင်မင်္ဂလာအဝေးပြေးဝင်း အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက မတ်လ ၁၃ ရက်နေ့ နံနက် ၃ နာရီခွဲအချိန်ခန့်တွင် အဆိုပါဆိုင်သို့ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းစတိုးဆိုင်တွင်လာရောက် လုပ်ကိုင်သူများဖြစ်သည့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်နေ မထက်ထက်ဇော်၊ (၁၂)နှစ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်နေ မမေသဇင်၊(၁၀)နှစ်တို့ ၂ ဦးအားတွေ့ရှိရပြီး ၎င်းတို့၏ခန္ဓာကိုယ်အနှံ့တွင် ဖူးရောင်၊ ညိုမဲပွန်းပဲ့နာကျင်ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရှိရပါသည်။


ပူးပေါင်းအဖွဲ့မှ ၎င်းဒဏ်ရာများအား အသေးစိတ်ကြည့်ရှုစစ်ဆေးခဲ့ရာ မထက်ထက်ဇော်တွင် နဖူးဖူးရောင်ညိုမဲဒဏ်ရာ၊ ၀ဲ/ယာမျက်လုံးညိုမဲ ဒဏ်ရာ၊ ၀ဲလက်ဖျံဖူးရောင်ပေါက်ပြဲဒဏ်ရာ(၃)ချက်၊ ၀ဲခြေသလုံးပေါက်ပြဲဒဏ်ရာ(၁)ချက်၊ နောက်ကျောပွန်းပဲ့ဒဏ်ရာ(၁၄)ချက်၊ ယာခြေသလုံး ဖူးရောင် ညိုမဲဒဏ်ရာ(၂)ချက်နှင့် မမေသဇင်တွင် ၀ဲ/ယာမျက်လုံးဖူးရောင် ညိုမဲဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ဖူးရောင်ညိုမဲဒဏ်ရာ(၁)ချက်၊ ယာလက်ခုံ ဖူးရောင်ပေါက်ပြဲဒဏ်ရာ(၂)ချက်၊ ၀ဲ/ယာပါး ဖူးရောင်ညိုမဲဒဏ်ရာ၊ နောက်ကျောပွန်းပဲ့ဒဏ်ရာ(၁)ချက်တို့ ရရှိထားသည်ကိုတွေ့ရှိသဖြင့် ၎င်းကလေး ငယ်(၂)ဦးအားမေးမြန်းရာ စတိုးဆိုင်ပိုင်ရှင်ဖြစ်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ်မှ
သံတုတ်နှင့်ရိုက်ခြင်း၊ ခါးပတ်နှင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ သံချောင်းအားမီးဖုတ်၍ ခန္ဓာကိုယ်အနှံ့သို့ တို့ခြင်းတို့ကြောင့် ရရှိခဲ့သော ဒဏ်ရာများဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။


ယင်းသို့ ကလေးငယ်(၂)ဦးအား ဒဏ်ရာများရရှိအောင် ညှင်းပန်းနှိပ်စက်သူ မဖြူဖြူထွန်း(ခ)ဒေါ်ငယ်အား မင်္ဂလာဒုံမြို့မရဲစခန်းတွင် (ပ)၃၁၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၂၅/၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် လူကူန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် ငြိစွန်းမှုရှိ/မရှိ အမှတ်(၆)လူကူန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

by သစ်ထူးလွင်

မင်္ဂလာဒုံမြို့နယ်၌ ကလေးငယ် ၂ ဦးအား သံတုတ်နှင့်ရိုက်ခြင်း၊ ခါးပတ်နှင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ သံချောင်းအားမီးဖုတ်၍ ခန္ဓာကိုယ်အနှံ့သို့ ထိုး ညှင်းပန်းနှိပ်စက်သူ စတိုးဆိုင်ပိုင်ရှင်အား အမှုဖွင့်အရေးယူ မင်္ဂလာဒုံမြို့နယ်၌ ကလေးငယ် ၂ ဦးအား သံတုတ်နှင့်ရိုက်ခြင်း၊ ခါးပတ်နှင့်ရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ သံချောင်းအားမီးဖုတ်၍ ခန္ဓာကိုယ်အနှံ့သို့ ထိုး ညှင်းပန်းနှိပ်စက်သူ စတိုးဆိုင်ပိုင်ရှင်အား အမှုဖွင့်အရေးယူ Reviewed by THITHTOOLWIN on 15:38 Rating: 5
Powered by Blogger.