ဘဏ်ဝန်ထမ်းတွေကို သင်္ကြန်ပိတ်ရက် ၁၀ ရက်ပေးဖို့ ဗဟိုဘဏ်ညွှန်ကြား


နိုင်ငံပိုင်ဘဏ်တွေအားလုံး၊ ပုဂ္ဂလိကဘဏ်တွေအားလုံး နဲ့ နိုင်ငံခြားဘဏ်ခွဲတွေအားလုံးက ၀န်ထမ်းတွေကို လာမယ့်သင်္ကြန်ကာလမှာ ပိတ်ရက် ၁၀ ရက် ခွင့်ပြုပေးဖို့အတွက် မြန်မာနိုင်ငံဗဟိုဘဏ်ကနေ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။

ငွေကြေးဆိုတာ တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့အတွက် ဘဏ်တွေ အဲဒီလိုကြာကြာပိတ်လို့ မကောင်းဘူးလို့ ကမ္ဘောဇဘဏ်ရဲ့အကြံပေး ဦးသန်းလွင် က ပြောပါတယ်။

" ဘဏ်ကျတော့ သိပ်များများ ပိတ်လို့မကောင်းဘူး၊ ဥပမာ- နိုင်ငံခြားက ပိုက်ဆံတွေဝင်နေတာလည်း ပိတ်သွားတယ်ဗျာ၊ မကောင်းဘူးလေ၊ နိုင်ငံခြားမှာဆို၊ Foreign Exchange Market ဆိုတာ ၂၄ နာရီ ပိတ်ရက်မရှိလုပ်ရတာ၊ ငွေကြေးဆိုတာ တိုင်းပြည်ရဲ့ အသက်သွေးကြောကို သွားပိတ်လို့မရဘူးလေ၊ မြန်မာပြည်သူတွေအနေနဲ့ နားလည်ဖို့ကောင်းတာက ၅ ရက်ဆိုတာ အင်မတန်များလှပြီ၊ ကမ္ဘာမှာစံချိန်တင်ထားတာက တရုတ်ပြည်က တောင်လျှောက် ၅ ရက်၊ အဲဒီအပေါ်မှာမှ စံချိန်တက်ထားတာ ဗမာပြည်တင်လိုက်တာ ပေါ့ဗျာ၊ ၁၀ရက် ပိတ်ရက်တောက်လျှောက် ပိတ်တာက မြန်မာနိုင်ငံက ကမ္ဘာမှာ နံပါတ်တစ်ရခဲ့တယ်၊ ကိုယ့်တိုင်းပြည် အခုဟာ တိုင်းပြည်တည်ထောင်စမှာ ပိုတောင်အလုပ်လုပ်ရမှာ။ "

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် နဲ့ ၁၇ ရက်နေ့တွေက ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ နဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်တို့ရဲ့ ထုတ်ပြန်ချက်တွေမှာ သင်္ကြန်ကာလရှည် ရုံးပိတ်ရက်ကြောင့် နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ ရုံးလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေ အခက်အခဲတွေ ဖြစ်ပေါ်လာတာ၊ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးကြန့်ကြာတာတွေ တွေ့ရှိရတာကြောင့် နှစ်သစ်ကူးရုံးပိတ်ရက်ကို သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ ၅ ရက်သာပိတ်ဖို့ ရေးသားထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် ၅ ရက်သတ်မှတ်ထားပေမဲ့ ခွင့်ပြန်လိုတဲ့ ဘဏ် အရာထမ်း၊ အမှုထမ်းတွေအတွက် ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်တွေအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ဖို့ ၁၀ ရက်အဖြစ် ခွင့်ပြုကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့စာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘဏ်တွေအနေနဲ့ ၀န်ထမ်းတွေနဲ့ ၂ ဖက်ညှိနှိုင်းပြီး သင့်တော်တဲ့နည်းလမ်းတွေ၊ ခွင့်အမျိုးအစားတွေအနေနဲ့ ဆောင်ရွက်သွားဖို့လည်း ညွှန်ကြားထားပါတယ်။

ဓါတ်ပုံ - (၂ဝ၁၆ ခုနှစ် သင်္ကြန်ကို တွေ့ရစဉ်)
RFA Burmese
https://www.facebook.com/rfaburmese/
ဘဏ်ဝန်ထမ်းတွေကို သင်္ကြန်ပိတ်ရက် ၁၀ ရက်ပေးဖို့ ဗဟိုဘဏ်ညွှန်ကြား ဘဏ်ဝန်ထမ်းတွေကို သင်္ကြန်ပိတ်ရက် ၁၀ ရက်ပေးဖို့ ဗဟိုဘဏ်ညွှန်ကြား Reviewed by THITHTOOLWIN on 17:42 Rating: 5
Powered by Blogger.