တိုက်ပွဲတွေကြောင့် လောက်ကိုင် မြို့နယ်မှာ အလုပ်သမား ၇၀ ကျော် ပိတ်မိနေ

လောက်ကိုင်တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ စစ်ပြေး ဒုက္ခသည်တွေကို မတ်လ ၆ ရက်နေ့က တွေ့ရစဉ်။ Photo: Kan Tar/RFA
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ အလုပ်သမား ဦးရေ ၃ ထောင်လောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ပိတ်မိနေသူ ၇၀ ကျော် ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် ရန်လုံကျိုင်းနဲ့ မန်တုံ ကျေးရွာတွေဘက်မှာ ပိတ်မိနေတဲ့သူတွေရှိပေမယ့် လုံခြုံရေးစိုးရိမ်ရ တာကြောင့် သွားမခေါ်နိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ လောက်ကိုင်ခရိုင် ကြက်ခြေနီဦးစီးမှူး တတိယတန်း ဦးစောရွှေမြင့်က ပြောပါတယ်။

"တချို့ ပိတ်မိနေတဲ့ အဖွဲ့လေးတွေကျတော့ ကိုဝေဠုကျော်နဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ တချို့ခေါ်ရနိုင် တဲ့ နေရာလေးတွေပေါ့၊ အဲဒီမှာသွားခေါ်ပါတယ်။ ကျနော်တို့ အသက်အန္တရာယ်ရှိတဲ့ နေရာဆိုရင်တော့ သွားမခေါ်နိုင်ပါဘူး။ ဒါကတော့ ရန်လုံကျိုင်းမှာလည်း ပိတ်မိနေတာရှိတယ်လို့ ဖုန်းဆက်ပါတယ်။ မန်တုံ ဘားဘက်မှာလည်း ရှိတယ်လို့ ပြောပါတယ်ခင်ဗျ။ သူတို့ကိုယ်တိုင်ကိုက ကျန်တဲ့နေရာကို နေရာအတိကျ မသိဘူး။ နယ်မြေဒေသမကျွမ်းကျင်တဲံအတွက်ကြောင့် ဘယ်နေရာမှာ သူတို့ရောက်နေတယ်၊ ဘယ်လမ်းမှာ၊ ဘယ်အကွေ့မှာ သူတို့မသိဘူး။ အဲလိုလေးတွေပေါ့"

လောက်ကိုင်မြို့ကနေ နေရပ်ပြန်မယ့် ကြံခုတ်သမားနဲ့ ပန်းရံအလုပ်သမားတွေကို ကိုးကန့် မြန်မာ ပရဟိတအဖွဲ့၊ မျိုးဆက်သစ်၊ အောင်ပန်းခိုင်၊ သန္တိသုခ စတဲ့ မိတ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ပို့ဆောင်ပေးနေတာ လို့ ပြောပါတယ်။

လောက်ကိုင် ခရိုင်အတွင်းက လောက်ကိုင်မြို့နယ်နဲ့ ကုန်းကြမ်းမြို့နယ်တို့မှာ ည ၉ နာရီကနေ မနက် ၆ အထိ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး မြို့နယ်တွေမှာ အသံချဲ့စက်တွေနဲ့ လှည့်လည်ကြေ ညာနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဒီနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
တိုက်ပွဲတွေကြောင့် လောက်ကိုင် မြို့နယ်မှာ အလုပ်သမား ၇၀ ကျော် ပိတ်မိနေ တိုက်ပွဲတွေကြောင့် လောက်ကိုင် မြို့နယ်မှာ အလုပ်သမား ၇၀ ကျော် ပိတ်မိနေ Reviewed by THITHTOOLWIN on 18:46 Rating: 5
Powered by Blogger.