အင်းစိန်တွင်စွန့်ပစ်ခံရသည့် ကလေးငယ်အား ဖြူးမြို့ မိုးမခကျောင်းတိုက်ဆရာတော် ခေါ်ယူမွေးစား


အင်းစိန်မြို့နယ် အောင်ဆန်းရပ် စဥ့်ငူရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အနီးတွင် မတ် ၇ ရက်က စွန့်ပစ်ခံရသည့် အသက် ၂ နှစ်ခန့်ရှိသည့် ကလေးငယ်အား ဖြူးမြို့ မိုးမခကျောင်း တိုက်ဆရာတော်မှ မွေးစားရန် ခေါ်ယူသွားကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးဦးထွန်းလွင်က''ဖြူးမြို့ မိုးမခကျောင်းတိုက်ဆရာတော်က ညတွင်းချင်းလာပြီးတော့ ကလေးကို မွေးစားဖို့ ခေါ်သွားတယ်။ အဲဒီမှာ မိဘမဲ့ကလေးတွေ အများကြီးရှိတယ်။ ရပ်ကွက်ထဲက မွေးစားချင်တဲ့သူတွေအများကြီးက လာတောင်းတယ်။ ဒါပေမဲ့ မပေးဘူး။ ဘုန်းကြီးကျောင်းဆိုတော့ ဘာပဲဖြစ်ဖြစ် သူ့ရှေ့ရေးအတွက် စိတ်ချရလို့ ထည့်ပေးလိုက်တယ်''ဟု စဥ့်ငူရပ်ကွက် အုပ်ချုပ်ရေးမှူးဦးထွန်းလွင်က ပြောသည်။

အဆိုပါ ကလေးငယ်အား စွန့်ပစ်သွားသည့် မိခင်သည် မတ် ၇ ရက်နေ့၊ နေ့ခင်းပိုင်းတွင် ကလေးငယ်နှင့်အတူ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်းတွင် အတူရှိနေခဲ့သည်ဟု မျက်မြင်သက်သေများက ပြောသည်။

''ကလေးနဲ့ ကလေးအမေက နေ့ခင်းပိုင်းမှာအတူရှိနေတာ အဲလိုရှိနေတုန်း အမျိုးသားတယောက်ရောက်လာတော့ ကလေးအမေက ကလေးကိုထားပြီး ထွက်ပြေးသွားတာ ကလေးက နောက်ကလိုက်ပေမဲ့ လူကြီးခြေလှမ်းနဲ့ မမီဘူး။ ခြေရာပျောက်သွားတယ်။ ကလေးက သူ့အမေမရှိတော့ ဟိုသွား ဒီသွားနဲ့ လုပ်နေတာ အဲဒါကိုမြင်တဲ့ အိမ်တအိမ်က ကလေးကို သနားလို့ ရေမိုးချိုး သနပ်ခါးလိမ်း ထမင်းကျွေးပြီး ခေါ်ထားတယ်။ ညနေကျမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ သွားပို့လိုက်တာ'' ဟု အဆိုပါ ပန်းခြံတွင် အလုပ်လုပ်နေသူတဦးက ပြောသည်။

ယင်းကလေးငယ် စွန့်ပစ်မှုအား မတ် ၇ ရက် ညနေပိုင်းက News Watch ဖေ့စ်ဘုတ်စာမျက်နှာတွင်ဖော်ပြခဲ့ရာ မွေးစားလိုသူအများအပြားမှ ကမ်းလှမ်းလာခဲ့သည်။ စွန့်ပစ်ခံရသည့် ကလေးငယ်သည် အသက် ၂ နှစ်ခန့်ရှိ ယောကျာ်းလေးဖြစ်ပြီး စကားကောင်းစွာ မပြောတတ်သေးဟုလည်း သိရသည်။

ကိုခက်
News Watch
https://www.facebook.com/NewsWatchJournal/
အင်းစိန်တွင်စွန့်ပစ်ခံရသည့် ကလေးငယ်အား ဖြူးမြို့ မိုးမခကျောင်းတိုက်ဆရာတော် ခေါ်ယူမွေးစား အင်းစိန်တွင်စွန့်ပစ်ခံရသည့် ကလေးငယ်အား ဖြူးမြို့ မိုးမခကျောင်းတိုက်ဆရာတော် ခေါ်ယူမွေးစား Reviewed by THITHTOOLWIN on 18:37 Rating: 5
Powered by Blogger.