အမျိုးသား ကျန်းမာရေး စီမံကိန်း(၂၀၁၇ - ၂၀၂၁) စတင် ဆောင်ရွက်မှု အသိပေးခြင်း အခမ်းအနားတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အဖွင့် မိန့် ခွန်းပြောကြားစဉ် (ဆင်ဟွာ) |
မြန်မာနိုင်ငံအနေဖြင့် ကျန်းမာရေးနှင့် ပညာရေးတွင် အားကောင်းနေပါက မည်သည့် စိန်ခေါ်မှုမျိုးကို မဆို ကျော်လွှားနိုင်မည်ဖြစ်ကြောင်းနှင့် အမျိုးသား ကျန်းမာရေး စီမံကိန်း အောင်မြင်ရေးအတွက် ပြည်သူပြည်သားများကလည်း ၀ိုင်းဝန်း ပူးပေါင်း ဆောင်၇ွက်သွားဖို့ လိုပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
“ကျွန်မတို့ ရဲ့နိုင်ငံသူ နိုင်ငံသားတွေဟာ ပညာရေးနဲ့ ကျန်းမာရေးမှာ အားသန်နေမယ်ဆိုရင် ဘာကိုမှ စိုးရိမ်စရာ မလိုပါဘူး၊ ဘယ်လို စိန်ခေါ်မှုမျိုးကို မဆို ကျွန်မတို့ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ပညာ တတ်တဲ့ ပြည်သူ ပြည်သားများ ကျန်းမာတဲ့ ပြည်သူပြည်သားများဟာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ် အတွက် အကောင်းဆုံး အာမခံချက် ဖြစ်ပါတယ်။ နိုင်ငံ တိုးတက်မှာလား မတိုးတက် ဘူးလား ဆိုတာဟာ ကျန်းမာရေး၊ ပညာရေး အခြေအနေကို ကြည့်ပြီးတော့ ဆုံးဖြတ်လို့ ရပါတယ်၊ ဒီစီမံကိန်း နိုင်ငံတစ်ဝန်းအောင်မြင်ဖို့ အတွက် ကျန်းမာရေး ၀န်ကြီးဌာနက ဦးဆောင်သွားမယ်၊ ကျန်တဲ့ ၀န်ကြီးဌာနများ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ များ ကလည်း ပံ့ပိုး သွားရမှာ ဖြစ်ပါတယ်၊ ဒါပေမယ့် အရေးကြီးတာက ကျွန်မတို့ ပြည်သူ ပြည်သားတွေ ပါဝင်လာဖို့ ပါပဲ” ဟု နေပြည်တော် MICC II တွင် ယနေ့ နံနက် ပြုလုပ်သည့် အမျိုးသား ကျန်းမာရေး စီမံကိန်း(၂၀၁၇ - ၂၀၂၁) စတင် ဆောင်ရွက်မှု အသိပေးခြင်း အခမ်းအနား၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အမျိုးသား ကျန်းမာရေး စီမံကိန်းအား ရှင်းလင်း တင်ပြနေစဉ် (ဆက်ဟွာ) |
အမျိုးသား ကျန်းမာရေး စီမံကိန်း(၂၀၁၇ - ၂၀၂၁) စတင် ဆောင်ရွက်မှု အသိပေးခြင်း အခမ်းအနားမြင်ကွင်း (ဆင်ဟွာ) |
အမျိုးသား ကျန်းမာရေး စီမံကိန်း(၂၀၁၇ - ၂၀၂၁) စတင် ဆောင်ရွက်မှု အသိပေးခြင်း အခမ်းအနား၌ စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်နေစဉ် (ဆင်ဟွာ) |
“ အမျိုးသား ကျန်းမာရေး စီမံကိန်းဟာ ကျွန်မတို့  ပြည်သူပြည်သားတွေရဲ့ ကျန်းမာရေး ဖြစ်သလို နိုင်ငံရဲ့တည်ငြိမ် အေးချမ်းရေးအတွက်လည်း ဖြစ်ပါတယ်၊ ပြည်သူတွေ ကျန်းမာမှ လုပ်ရည်ကိုင်ရည် တက်လာမယ်၊ နိုင်ငံလည်း ဖွံ့ ဖြိုး တိုးတက်လာမယ်၊ နိုင်ငံ ဖွံ့ ဖြိုးတိုးတက်မှုဟာ နိုင်ငံ တည်ငြိမ် အေးချမ်းရေးကို အများကြီး အထောက်အကူပြုပါတယ်၊ နိုင်ငံ တည်ငြိမ်အေးချမ်းတယ် တိုးတက် တယ်ဆိုရင် ကမ္ဘာက ပိုပြီးလေးစားလာမယ်၊ ပိုပြီး ကူညီပံ့ပိုးချင်စိတ်တွေ များပြားလာပါတယ်၊ ဒါကြောင့် ဒီအမျိုးသား ကျန်းမာရေး စီမံကိန်းဟာ ကျွန်မတို့ နိုင်ငံအတွက် အင်မတန် အရေးကြီးတဲ့ စီမံကိန်း ဖြစ်တယ်ဆိုတာ အားလုံး သဘောပေါက်စေချင်ပါတယ်” ဟုလည်း နိုင်ငံတော် အတိုင်ပင်ခံက ပြောခဲ့သည်။
အမျိုးသား ကျန်းမာရေး စီမံကိန်း ကို အကောင်အထည်ဖော်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် ပုဂ္ဂိုလ်များသည် အကျင့်သိက္ခာနှင့် ပြည့်စုံပြီး တကယ့်စေတနာ အရင်းခံဖြင့် လုပ်ဆောင် ဖို့ လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သမားတော်ကြီးများသာ အရေးကြီးသည် မဟုတ်ဘဲ ပြည်သူများနှင့် ထိတွေ့ နေရသည့် သူနာပြုဆရာမများ၊ ၀မ်းဆွဲဆရာမများကလည်း အင်မတန်မှ အရေးကြီးပါကြောင်း၊ အခြေခံ ကျန်းမာရေး ပြုစုမှု ပေးသည့် ၀န်ထမ်းများသည် နိုင်ငံ့ ကျန်းမာရေး အတွက် အများကြီး ပံ့ပိုးပေးနိုင်ကြောင်း၊ ကျေးလက်ဒေသများတွင် ၀မ်းဆွဲဆရာမများကို အဓိက အားကိုးနေရသည်ကို အားလုံး အသိ ဖြစ်ကြောင်း၊ ကျန်းမာရေး ၀န်ကြီးဌာနက အခြေခံကျန်းမာရေး ၀န်ထမ်းများအား သေသေချာချာ ပညာပေး လေ့ကျင့်ပေးဖို့  ဦးစားပေး လုပ်ဆောင်နေသည်ကို သိရသဖြင့် အင်မတန်မှ အားတက်မိကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့  နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ၀န်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ နေပြည်တော်အပါအ၀င် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့ များမှ လူမှုရေး ၀န်ကြီးများ၊ သံအမတ်ကြီးများ၊ UN လက်အောက်ခံ အဖွဲ့ အစည်းများ၊ ပြည်တွင်း ပြည်ပ NGO များ၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ အမျိုးသား ကျန်းမာရေး စီမံကိန်း ရေးဆွဲရေးအဖွဲ့ ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ အဖွင့်မိန့် ခွန်း အပြီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက အမျိုးသားစီမံကိန်းအကြောင်းကို ရှင်းလင်းပြောကြားခဲ့ သည်။
(Xinhua)
http://www.xinhuamyanmar.com
ကျန်းမာရေးနှင့် ပညာရေးမှာ အားကောင်းနေရင် ဘယ်လို စိန်ခေါ်မှုကိုမဆို ကျော်လွှားနိုင်
Reviewed by THITHTOOLWIN
on
18:32
Rating: