ကွတ်ခိုင်မြို့ နမ်းဖတ်ကာကျေးရွာအနီးတွင် တအောင်တပ်ဖွဲ့နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွား

ဓာတ်ပုံ-မေတ္တာရှင် လူမှုကူညီရေးအသင်း(နမ့်ဖတ်ကာ)
ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ လာရှိုး- မူဆယ် ပြည်ထောင်စု ကားလမ်းမပေါ်တွင် နမ့်ဖတ်ကာ ကျေးရွာအနီးတွင် PSLF/TNLA - တအောင်းတပ်ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းကြောင်း ပြည်သူများ ဒဏ်ရာရ သေဆုံးခြင်းများရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

မတ် ၁၄ ရက် နံနက်ပိုင်းက ကွတ်ခိုင်မြို့၊ အမှတ် ၅ ဗျူဟာ မြန်မာ တပ်မတော်စခန်း၏ အနီးတွင် မြန်မာတပ်ဖွဲ့နှင့် တအာင်းတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်သေဆုံးကြောင်း PSLF/TNLA သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲအတွင်း လက်နက်ကြီးများ တိုက်ခိုက်မှုများရှိသည့်အတွက် တိုက်ပွဲဖြစ်ပွားရာ ဒေသအနီးရှိ ကျေးရွာများမှ ပြည်သူ ၄ ဦးဒဏ်ရာရရှိပြီး ၎င်းတို့မှ အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ဦးခေါင်းတွင် ကျည်ဆံရှပ်ထိ ဒဏ်ရာရရှိခဲ့ခြင်းများ ရှိကြောင်း မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုကဲ့သို့ တိုက်ပွဲ ဖြစ်ပွားခြင်းကြောင့် ပန်ဂျရော့ပ် ကျေးရွာအုပ်စု၊ မနော်ယာန်ရွာ အတွင်း လက်နက်ကြီး ကျည်ဆံ ကျရောက်ပေါက်ကွဲခဲ့ရာ မရွယ်ဆိုင်းလုံ၊ အသက် ၁၃ နှစ်၊ ကချင်တိုင်းရင်းသူ ကလေးငယ်၏ ဦးခေါင်းတစ်ဝိုက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဒဏ်ရာရ ကလေးငယ်အား တိုက်နယ်ဆေးရုံမှတစ်ဆင့် မူဆယ်ခရိုင် ပြည်သူ့ဆေးရုံသို့ အသင်းမှ သွားရောက် ပို့ဆောင်ပေးကြောင်း နမ့်ဖတ်ကာကျေးရွာ၏ မေတ္တာရှင် လူမှုကူညီရေး အသင်းဖေ့စ်ဘုတ် စာမျက်နှာတွင် ဖော်ပြထားသည်။

တိုက်ပွဲကြောင့် နမ့်ဖတ်ကာကျေးရွာရှိ နေအိမ်အချို့နှင့် ဈေးဆိုင်များတွင် လက်နက်ကြီး ကျည်ဆံများ ထိမှန်ပေါက် ကွဲခဲ့သဖြင့် နေအိမ်၏ အစိတ် အပိုင်းတချို့ ပျက်စီးသွားခဲ့ခြင်းများ ရှိကြောင်း ပစ်ခတ်မှု ဖြစ်ပွားချိန်တွင် လားရှိုး - မူဆယ် အတက်အဆင်းကားတွေ ရပ်တန့်နေခြင်းများရှိကြောင်း ဒေသခံများအဆိုအရ သိရသည်။

ကွတ်ခိုင်မြို့နေ ဦးဘရန်ဂျာက “တိုက်ပွဲနဲ့ပတ်သက်ပြီး အခုချိန်အထိတော့ ကျွန်တော်က မြို့တွင်းမှာနေတာ ဆိုတော့ ဘာတွေဖြစ်သလဲ ဆိုတာတော့ သေချာမသိရသေးပါဘူး။ သေချာတာက မနက်က တိုက်ပွဲဖြစ်တယ် ဆိုတာပါ ပဲ။ မနက်တုန်းကဆိုရင် လက်နက်ကြီးတွေ ပစ်ခတ်သံ ကြားနေရတယ်။ အချိန်တော်တော် ကြာကြာလေးကို ပစ်ခတ်သံတွေ ကြားရတယ်”ဟု ပြောသည်။

အဆိုပါ နမ့်ဖတ်ကာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်ပြီး တပ်မတော်မှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

The Ladies News
https://www.facebook.com/News.TheLadies/
ကွတ်ခိုင်မြို့ နမ်းဖတ်ကာကျေးရွာအနီးတွင် တအောင်တပ်ဖွဲ့နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွား  ကွတ်ခိုင်မြို့ နမ်းဖတ်ကာကျေးရွာအနီးတွင် တအောင်တပ်ဖွဲ့နှင့် တပ်မတော် တိုက်ပွဲဖြစ်ပွား Reviewed by THITHTOOLWIN on 16:05 Rating: 5
Powered by Blogger.