အမြန်လမ်းတွင် ဘုရားဖူးယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား


ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၈၀)အကျော်မှာ မတ်(၁၀)ရက် ည(၁၁)နာရီခွဲ အချိန်က ဘုရားဖူးယာဉ်တစ်စီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့ကနေသိ ရပါတယ်။

 ရန်ကုန်ဘက်မှ နေပြည်တော်ဘက်ကို မောင်းနှင်လာတဲ့ ဟွန်ဒိုင်းမီနီဘတ်စ် ဘုရားဖူးယာဉ်ဟာ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၈၀/၂ နဲ့ ၈၀/၃ ကြားအရောက်မှာ ၀ါယောရှော့ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဦး ဦးဆောင်တဲ့အဖွဲ့နဲ့အုပ်ချုပ်မှုယာဉ် နှစ်စီး၊အမြန် လမ်း မီးသတ်တပ်ဖွဲ့က လက်ထောက်ဦးစီးမှူး ကျော်ကျော်ဦးဆောင်တဲ့အဖွဲ့နဲ့ မီးသတ်ယာဉ် တစ်စီး၊အမြန် လမ်းအရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တို့ အခင်းဖြစ်နေရာကို ည(၁၁)နာရီ မိနစ်(၄၀)မှာရောက်ရှိ ပြီး ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည(၁၁)နာရီ မိနစ်(၅၀)မှာ မီးငြိမ်းခဲ့ပါတယ်။


 အဲဒီမီးလောင်မှုကြောင့် ဟွန်ဒိုင်းမီနီဘတ်စ်ဘုရားဖူးယာဉ်မှာ တစ်စီးလုံး မီးလောင်ကျွမ်းခဲ့ပြီး ခန့်မှန်းတန်ဖိုး ငွေကျပ် သိန်း(၁၅၀) ခန့်ပျက်စီးဆုံးခဲ့ပါတယ်။ ယာဉ်ပေါ်မှာပါလာတဲ့ ယာဉ်မောင်းအပါအ၀င် အမျိုးသား(၁၃)ယောက်နဲ့ အမျိုး သမီး(၁၀)ယောက် စုစုပေါင်း(၂၃)ယောက်ကတော့ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့သိရပါတယ်။


 အဲဒီမီးလောင်မှုကြောင့် ယာဉ်မောင်းဖြစ်သူကို ယာဉ်မဆင်မခြင် ပေါ့လျော့မောင်းနှင်မှုနဲ့ မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ) ၁၂/၁၇ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၈၅ အရအမှုဖွင့်အရေးယူထားတယ်လို့သိရပါတယ်။ ဒီသတင်းကို Central News Bureau ကပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb/
အမြန်လမ်းတွင် ဘုရားဖူးယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား  အမြန်လမ်းတွင် ဘုရားဖူးယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:04 Rating: 5
Powered by Blogger.