တိုက်ကြီး ငလျှင် အဆောက်အဦး တစ်ချို့ ပျက်စီးပြီး လူ (၂၄) ခန့် ထိခိုက်ဒဏ်ရာရ
မျက်နှာကျက်ပြိုကျ
ငလျင်လှုပ်ခတ်မှုသတင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်
၁။ ၂၀၁၇ ခုနစ်၊ မတ်လ(၁၃)ရက်နေ့ မြန်မာစံတော်ချိန် (၂၀)နာရီ (၄၉)မိနစ် (၀၆)စက္ကန့် အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၂၂) မိုင်ခန့် ကွာဝေးသော မြန်မာ နိုင်ငံပြည်တွင်း (တိုက်ကြီးမြို့၏ အနောက်-အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၈)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။
ဘုန်းကြီးကျောင်းမုခ်ဦးပြိုကျ
၂။ ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနအနေဖြင့် ချက်ချင်းသတင်းရယူဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ်တွင် အောင်ချမ်းသာ ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျ၊ မဟာစည်ပုညရံသီဘုရားကြီးကျောင်း မုခ်ဦးပြိုကျ၊ အောင်သိဒ္ဓိ ဘုန်းကြီးကျောင်းမုခ်ဦးပြိုကျ၊ ရှမ်းကျောင်းကြီးစေတီထီးတော်စောင်းသွား၊ တိုက်ကြီးမြို့ဗလီ ရေစင် ပြုတ်ကျ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မျက်နှာကျက်ပြိုကျ၊ ရဲတပ်ဖွဲ့လိုင်းခန်း ပြိုကျ၊ ဥပဒေရုံးဝန်ထမ်းနေအိမ်ပြိုကျ၊ နေအိမ်အချို့အနည်းငယ်ပျက်စီး၊ ပြည်သူလူထု(၂၄)ဦးခန့် ဒဏ်ရာ အနည်းငယ်ရရှိ၍ ဆေးရုံတက်ရောက်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းအနေဖြင့် သိရှိခဲ့ပြီး သတင်းများဆက်လက်စုံစမ်းလျက်ရှိကြောင်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးဖြစ်ဒေသသို့ ညတွင်းချင်း သွားရောက်ကာ လိုအပ်သည့်ထောက်ပံ့ကူညီမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သတင်းဆက်များ ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။
၃။ နောက်ဆက်တွဲငလျင်ငယ်များလည်း ထပ်မံလှုပ်ခတ်နိုင်သည့်အတွက် ဖြစ်ပွားနိုင်မှုအခြေ အနေကို စောင့်ကြည့်လျက်ရှိပြီး လိုအပ်သည်များလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပါသည်။ ပြည်သူလူထုအနေဖြင့်လည်း နောက်ဆက်တွဲငလျင်ငယ်များနှင့်ပတ်သက်၍ အောက်ပါအချက်များကို သတိပြုလိုက်နာ ဆောင်ရွက်နိုင်ရန်နိုးဆော်အပ်ပါသည်-
(က) မိမိတို့နေထိုင်ရာ အိုးအိမ်၊ အဆောက်အဦများတွင် အက်ကွဲကြောင်းများဖြစ်ပေါ်ခြင်း ရှိ/မရှိ၊ ယိုင်နဲ့ခြင်းရှိ/မရှိ စစ်ဆေးပါ။ ထိုသို့ဖြစ်ပေါ်နေပါက ထိုနေရာများမှ ခေတ္တ ရှောင်ရှားနေထိုင်ပါ။ မိမိတို့အိုးအိမ်များကို ပြန်လည်ပြင်ဆင်ပါ။ သက်ဆိုင်ရာသို့လည်း သတင်းပေးပို့ပါ။
( ခ) မိမိတို့နေထိုင်ရာအဆောက်အဦများတွင် ပြုတ်ကျနိုင်သည့် အရာဝတ္တုပစ္စည်းများကို စစ်ဆေးပါ။ ခိုင်ခံအောင် ပြန်လည်ပြုပြင်ပါ။
( ဂ) လျှပ်စစ်မီးကြိုးများကိုစစ်ဆေးပါ။ ပြုတ်ကျ/ပြတ်ကျနေသော လျှပ်စစ်မီးကြိုးများကို မကိုင်ပါနှင့်၊ သက်ဆိုင်ရာသို့ သတင်းပို့ပါ။
စာမေးပွဲ ဖြေဆိုမည့် ကလေးတွေ အပြင်ထွက် ထိုင်နေစဉ်။ 
၎။ ပြည်သူများအနေဖြင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ငလျင်ငယ်များနှင့်ပတ်သက်၍ လွန်စွာ စိုးရိမ်ကြောင့်ကြမှုများမရှိကြရန်၊ တာဝန်ရှိသူများမှ ဘေးအန္တရာယ်လျော့ပါးရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိသကဲ့သို့ပင် ပြည်သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင်တွင်အန္တရာယ်ရှိနိုင်သည့်အခြေအနေ ကိုတွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပေးပို့ဆောင်ရွက်ကြရန်နှင့် ကြိုတင်သတိပြုရန်အချက်များကို လေ့လာ၍ လိုက်နာဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် အသိပေးနိုးဆော်အပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။
သစ်ထူးလွင်
တိုက်ကြီး ငလျှင် အဆောက်အဦး တစ်ချို့ ပျက်စီးပြီး လူ (၂၄) ခန့် ထိခိုက်ဒဏ်ရာရ တိုက်ကြီး ငလျှင် အဆောက်အဦး တစ်ချို့ ပျက်စီးပြီး လူ (၂၄) ခန့် ထိခိုက်ဒဏ်ရာရ Reviewed by THITHTOOLWIN on 06:57 Rating: 5
Powered by Blogger.