နိုင်ငံဝန်ထမ်းများ သင်္ကြန် နှစ်သစ်ကူး အနားယူ ကာလ ၁၀ ရက် ရရှိ ခံစားစေရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်
သင်္ကြန်ပွဲတော်ကာလ အတွင်း ရေကစားကြသူများအား တွေ့ရစဉ်(ဆင်ဟွာ) |
နှစ်သစ်ကူး ကာလတွင် သင်္ကြန် ရုံးပိတ်ရက်မှာ ၅ ရက် ဖြစ်သော်လည်း အနားယူချိန် ၁၀ ရက် တိတိ ရရှိခံစားစေရန် အလေးအနက်ထား စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း နိုင်ငံတော် သမ္မတရုံးမှ ယနေ့ မတ် ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုအစီအစဉ်သည်ယခုနှစ်အတွက်သာ အထူး အစီအစဉ် အဖြစ် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ သင်္ကြန်ပိတ်ရက်မှာ ၅ ရက်ဖြစ်သော်လည်း ဝန်ထမ်းများ အတွက် ၁၀ ရက် ရရှိအောင် အုပ်ချုပ်မှု နည်းလမ်းဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ယင်းမှာ ယခုနှစ် အတွက်သာ ဖြစ်ကြောင်း ၊ နောက်နှစ်များတွင် ၅ ရက်သာ ဖြစ်မည် ဖြစ်ကြောင်း ၊ ထပ်မံ၍ ကြေငြာချက်များ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ခေတ္တညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နှစ်သစ်ကူး ရုံးပိတ်ရက် ရက်ရှည်ကာလ လျှော့ချထားသော်လည်း ရုံးပိတ်ရက် အရေအတွက် မလျော့စေရေး အတွက် လည်းကောင်း ၊ ရက်ရှည် ကာလ ရုံးပိတ်ရက်များကြောင့် အစိုးရ နှင့် ဘဏ်လုပ်ငန်းများ မကြန့်ကြာစေရန် အတွက် လည်းကောင်း ၊ နိုင်ငံ ဝန်ထမ်းများ အနေဖြင့် မိမိတို့ မူလ စီစဉ်ထားသည့် အတိုင်း နှစ်သစ်ကူး အနားယူ ကာလ ၁၀ ရက် တိတိ ရရှိ ခံစား နိုင်ကြစေရန် အတွက် လည်းကောင်း သက်ဆိုင်သူ အားလုံး အဆင်ပြေစေရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သင်္ကြန် ရုံးပိတ်ရက်များ ပြင်ဆင်ခြင်း နှင့် ပတ်သတ်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ ရှိ/မရှိ ပြန်ကြားပေးရန် ပြည်ထောင်စု အစိုးရ အဖွဲ့ ရုံးမှ ဗဟို အဖွဲ့ အစည်းများ နှင့် ပြည်ထောင်စု ၀န်ကြီးဌာနများသို့ မတ် ၈ ရက်တွင် ပေးပို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
နိုင်ငံဝန်ထမ်းများ သင်္ကြန် နှစ်သစ်ကူး အနားယူ ကာလ ၁၀ ရက် ရရှိ ခံစားစေရေး ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်
Reviewed by THITHTOOLWIN
on
10:59
Rating: