အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင်အနီး ယာဉ်တိုက်မှု(၃)ကြိမ် ဆက်တိုက်ဖြစ်ပွား အမျိုးသမီးတစ်ဦးသေဆုံးမှုရှိ
အလုံမြို့နယ် သခင်မြပန်းခြံနဲ့ ထော်လီကွေ့မှတ်တိုင် အနီးကမ်းနားလမ်းပေါ်မှာ မတ်လ(၉)ရက် ည(၈)နာရီကနေ ည(၁၁)နာရီ အတွင်း ယာဉ်တိုက်မှု(၃)ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ဒုတိယအကြိမ်ယာဉ်တိုက်မှုမှာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပထမဦးဆုံး ယာဉ်တိုက်မှုဟာ ည(၈)နာရီဝန်းကျင်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘတ်စ်ကားနဲ့ တက္ကစီနှစ်စီး တိုက်မိခဲ့တာဖြစ်ပါတယ်။ အဲဒီယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူတွေ အနည်းငယ်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒုတိယအကြိမ်ယာဉ်တိုက်မှုကတော့ ည(၁ဝ)နာရီဝန်းကျင်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ရှစ်ဘီးကားတစ်စီးက ဆိုက်ကားတစ်စီးကို တိုက်မိခဲ့တာဖြစ်ပါတယ်။ အဲဒီယာဉ်တိုက်မှုကြောင့် ဆိုက်ကားပေါ်မှာ လိုက်ပါလာတဲ့ လူ(၄)ဦးထဲက အမျိုးသမီးတစ်ဦး နေရာမှာဘဲ သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ နောက်သုံးဦးကိုတော့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့သိရပါတယ်။
တတိယမြောက် ယာဉ်တိုက်မှုကတော့ ည(၁၁)နာရီ(၁၀)မိနစ်ခန့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သခင်မြပန်းခြံဘက်ကနေ သီရိမင်္ဂလာဈေးဟောင်းဘက်ကို မောင်းနှင်လာတဲ့ ကုန်သေတ္တာတင်မော်တော်ယာဉ်ဟာ ယာဉ်ကြောတစ်ဘက်ခြမ်းကိုရောက်ရှိပြီး တစ်ဘက်ဆန့်ကျင်ဘက်လမ်း ကနေ မောင်းနှင်လာတဲ့ ကုန်သေတ္တာတင်မော်တော်ယာဉ်ကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါသူတွေ အနည်းငယ် ထိခိုက်ထိဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ မကြာခဏယာဉ်တိုက်မှုတွေ ဖြစ်ပွားနေပြီး လမ်းမီးလည်းမရှိတဲ့အတွက် လမ်းအသုံးပြုသူပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောဆိုပါတယ်။ ကုန်သေတ္တာတင် မော်တော်ယာဉ်တွေဟာကုန်သေတ္တာတင်မော်တော်ယာဉ်တွေ မောင်းနှင်ရမယ့် လမ်းမဟုတ်တဲ့ လမ်းဟောင်းမှာ ညစဉ်(၈)နာရီခန့်ကနေ စတင်မောင်းနှင် သွားလာနေကြတာဖြစ်တယ်လို့လည်း ရပ်ကွက်နေ
ပြည်သူတွေကပြောဆိုပါတယ်။ ဒီသတင်းကိုCentral News Bureau က ဆုစန္ဒီရွှေပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင်အနီး ယာဉ်တိုက်မှု(၃)ကြိမ် ဆက်တိုက်ဖြစ်ပွား အမျိုးသမီးတစ်ဦးသေဆုံးမှုရှိ
Reviewed by THITHTOOLWIN
on
17:58
Rating: