တိုက်ကြီးမှာ မြေငလျင်ကြောင့် ဒဏ်ရာရရှိသူ ၄ဝ နီးပါးရှိ

မတ်လ ၁၃ ရက်နေ့ညကလှုပ်ခဲ့တဲ့ ငလျင်ကြောင့် တိုက်ကြီးမြို့နယ်က ပျက်စီးသွားတဲ့ အိမ်တစ်လုံးကို တွေ့ရစဉ်။ ဓါတ်ပုံ - ဦးတင်မောင်ထွန်း
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်မှာ မနေ့ညက လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိပြီး ဒီနေ့မနက် ထပ်မံလှုပ်ခတ်မှုကြောင့် ၁၅ ဦးခန့် ဒဏ်ရာရရှိထားတယ်လို့ သိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ထပ်လှုပ်ခတ်တဲ့ နောက်ဆက်တွဲငလျင်ကြောင့် တိုက်ကြီးမြို့က အထည်ချုပ်စက်ရုံ တစ်ရုံမှာ ၁၅ ဦးလောက်ထပ်မံ ဒါဏ်ရာရရှိခဲ့တယ်လို့ တိုက်ကြီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလွင်မင်းစိုး က ပြောပါတယ်။

"အထည်ချုပ်စက်ရုံက အဆောက်အအုံ ဘာမှမဖြစ်ဘူး မနက်က ၁၀ နာရီ ၂၅ မိနစ်မှာ ထပ်လှုပ်တော့ အထည်ချုပ်သမလေးတွေက လန့်ပြီးပြေးတာ ပြေးတော့ လူ ၂၀၀ ကျော်ရှိတဲ့အခါ နဲနဲရုန်းရင်းဆန် ခတ်ဖြစ်သွားပြီး မူးလဲတာတွေ ဘာတွေဖြစ်တာ ၁၅ ယောက်လောက်တော့ဖြစ်သွားတယ် တိုက်ကြီးဆေးရုံကို ပို့ထားတယ်"

မနေ့ညကလှုပ်တဲ့ ငလျင်ကြောင့် သေဆုံးသူ ၂ ဦးရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် တိုက်ကြီးမြို့ နဲ့ ဝေးကွာတဲ့ ကပစ တပ်တွင်းမှာ ဖြစ်ပွားခဲ့တဲ့အတွက် အတည်ပြုလို့မရဖြစ်နေတယ်လို့လည်း ဦးလွင်မင်းစိုး က ပြောပါတယ်။

ငလျင်ကြောင့် အဆောက်အဦးအဟောင်းတွေပြိုကျခဲ့ပြီး လူနေအိမ် ၈ လုံးလောက်နဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းလောက်ပျက်စီးခဲ့ပါတယ်။

နေအိမ်ပျက်စီးခဲ့တဲ့ မိသားစုတွေကို ငွေကျပ် ၅ သောင်းနဲ့ ဆန် ၂ အိတ်ထောက်ပံ့သွားမှာဖြစ်ပြီး လတ်တလောမှာ ပြိုသွားတဲ့ အိမ်နဲ့ အဝေးမှာနေဖို့ ညွှန်ကြားထားပါတယ်။

မနေ့ညက တိုက်ကြီးမြို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ ၅ ဒသမ ၈ ရစ်ခ်ျတာစကေးရှိပြီး နောက်ဆက်တွဲ ငလျင် လှုပ်ခတ်နိုင်မှု ၅၀ ရာခိုင်နှုန်းရှိတဲ့အတွက် အဆောက်အဦးအဟောင်းတွေနဲ့ ပြိုပျက်နေတဲ့ အဆောက်ဦးတွေ အနီးကို သတိထားသွားလာကြဖို့ မြန်မာနိုင်ငံငလျင်ကော်မတီက သတိပေးထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
တိုက်ကြီးမှာ မြေငလျင်ကြောင့် ဒဏ်ရာရရှိသူ ၄ဝ နီးပါးရှိ တိုက်ကြီးမှာ မြေငလျင်ကြောင့် ဒဏ်ရာရရှိသူ ၄ဝ နီးပါးရှိ Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.