အင်းတော်ကြီးဘုရားပွဲအပြန် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေဆုံး၊ ၃ဝ ကျော် ဒဏ်ရာရရှိ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး တိမ်းမှောက်သွားသည့် ယာဉ်ကိုတွေ့ရစဉ်။ Photo: Soe Nyein/ Facebook
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ် မိုင်တိုင်အမှတ် ၁၇၄ နားမှာ အင်းတော်ကြီး ရွှေမဉ္ဇူ ဘုရားပွဲက ပြန်လာတဲ့ ဘုရားဖူးယာဉ်တစ်စီး မနေ့ညနေက တိမ်းမှောက်တာကြောင့် လူ ၃ ယောက်သေဆုံးပြီး အယောက် ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူတွေဟာ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် နောင်ပိန်း နဲ့ ရွာသစ်ကျေးရွာ က ရွာသူရွာသားတွေဖြစ်တယ်လို့ မိုးညှင်းမြို့နယ်ရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်အေး က ပြော ပါတယ်။

ဒဏ်ရာရရှိသူတွေကို လူမှုပရဟိတ အဖွဲ့တွေနဲ့ အစိုးရဋ္ဌာနဆိုင်ရာတွေက မိုးညှင်းဆေးရုံထံ ပို့ဆောင်ပေးထားပြီး ယာဉ်မောင်းကို ပုဒ်မ ၃၀၄(က) ၊ ၃၃၇ ၊ ၃၃၈ စတဲ့ ပုဒ်မတွေနဲ့ မိုးညှင်းမြို့မ ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ် လို့ မိုးညှင်းမြို့နယ်ရဲတပ်ဖွဲ့မှူး က ပြောပါတယ်။

ယာဉ်တိမ်းမောက်မှုဖြစ်တဲ့နေရာဟာ တံတောင်ဆစ်ကွေးပုံစံ မတ်စောက်တဲ့ ကုန်းလျှောလမ်းဖြစ်ပြီး ဒေသ အခေါ် သုံးထပ်ကွေ့လို့ အမည်တွင် တဲ့ နေရာဖြစ်ပါတယ်။

အဲဒီနေရာမှာ နှစ်စဉ် ယာဉ်တိမ်းမှောက်လေ့ရှိပြီး လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကနေ ဒီနှစ်အထိ လူအယောက် ၃၀ နီးပါး သေဆုံးခဲ့ကြောင်း နဲ့ ပြည်ထောင်စု နဲ့ ပြည်နယ်အဆင့် အစိုးရ တာဝန်ရှိသူတွေ အဲဒီနေရာကို ကွင်းဆင်းလေ့လာပြီး ပြန်လည်ပြုပြင်သင့်တယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး က အကြံပြုပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း မိုးညှင်းမြို့နယ်က အင်းတော်ကြီးရွှေမဉ္ဇူဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း ကနေ တပေါင်းလပြည့်နေ့အထိ ကျင်းပလေ့ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
အင်းတော်ကြီးဘုရားပွဲအပြန် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေဆုံး၊ ၃ဝ ကျော် ဒဏ်ရာရရှိ အင်းတော်ကြီးဘုရားပွဲအပြန် ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၃ ဦး သေဆုံး၊ ၃ဝ ကျော် ဒဏ်ရာရရှိ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.