ယန္တရားမျိုးစုံ ၉၉ စီးနဲ့ သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးမိ


နေပြည်တော်၊ မတ် ၁၂

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးနယ်မြေအတွင်း မြန်မာ့အဖိုးတန်သယံဇာတသစ်များအား တရားမ၀င်ခိုးထုတ်နေကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်စဉ် မတ် ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် မံဝိန်းကြီးကျေးရွာအုပ်စု၊ မံမော်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၇၀၀ ခန့် အကွာသို့အရောက်၌ တစ်ဖက်နိုင်ငံသားများဖြစ်သည့် ကော်ဝေးယုတ်၊ ယူချိန့်နှင့် လီကျားရှင်တို့ ၃ ဦးကို တရားမ၀င်သစ်တင်ယာဉ် ယမ်းဖောင်အမျိုးအစား ၅၈ စီး၊ ၁၀ ဘီးယာဉ် ၄ စီး၊ ကရိန်းယာဉ် ၁ စီး၊ မြေကော်စက် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၆၄ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။


ထို့နောက် တပ်မတော်စစ်ကြောင်းများက ပတ်ဝန်းကျင်နေရာတစ်ဝိုက်အား ဆက်လက်ရှင်းလင်းခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တစ်ဖက်နိုင်ငံသားများဖြစ်ကြသည့် ကိန်ရှန်ဖုန့်၊ လုအပ်ပို၊ လုံဝမ်ကျိန်၊ လျှိုဟန်ချန့်၊ ထန်တယ်ယိ၊ ရွှီးကျန်၊ ပုယင်ဝေ့နှင့် ချန်ယုလုံတို့ ၈ ဦးကို ယမ်းဖောင် အမျိုးအစားယာဉ် ၂၀ စီး၊ ၁၀ ဘီးယာဉ် ၁၄ စီးနှင့် မြေကော်စက် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၃၅ စီး တို့နှင့်အတူထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိတစ်ဖက်နိုင်ငံသား ၁၁ ဦးအား တရားမ၀င်သစ်တင်ယာဉ် ၉၆ စီး၊ မြေကော်စက် ၂ စီးနှင့် ကရိန်းယာဉ် ၁ စီး စုစုပေါင်း ယာဉ်၊ ယန္တရားမျိုးစုံ ၉၉ စီးတို့အား မံဝိန်းကြီးနယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ၍ တရားဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းများက မြန်မာ့အဖိုးတန် သယံဇာတသစ်များ တရားမ၀င်ခိုးထုတ်မှုမရှိရေးအတွက် နယ်မြေရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ယန္တရားမျိုးစုံ ၉၉ စီးနဲ့ သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးမိ ယန္တရားမျိုးစုံ ၉၉ စီးနဲ့ သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးမိ Reviewed by THITHTOOLWIN on 12:04 Rating: 5
Powered by Blogger.