![]() |
ဓါတ်ပုံ - မွန်ပြည်သစ်ပါတီ |
ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားကနေ ပြန်လာတဲ့ မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ဝင်တွေကို ဘုရားသုံးဆူမှာရှိတဲ့ တပ်မတော်စစ်ဆေးရေးဂိတ်က ဒီနေ့ တားဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့ NMSP ခရိုင်ဥက္ကဌ နိုင်ဧက က ပြောပါတယ်။
NMSP တပ်ဖွဲ့ဝင် ၆၀လောက်ကို စစ်ဆေးပြီး တွေ့ရှိတဲ့ ကျည်ဆံတချို့ကို သိမ်းယူသွားတယ်လို့ NMSP ခရိုင်ဥက္ကဌ နိုင်ဧက က ပြောပါတယ်။
"ခလရ ၂၈၃ လား ၂၈၄ လားမသိဘူး၊ သူတို့မှာ ဂိတ်ရှိတယ်လေ အဲ့ဒီ သုံးဆူဂိတ်ကို ကျနော်တို့လူက မွန်အမျိုးသားနေ့ အခမ်းအနား ပြီးတော့ ပြန်ကြတာပေါ့လေ ကား ၆ စီးစာပေါ့၊ လူက ၅၀ ၊ ၆၀ လောက် ရှိမှာပေါ့၊ အဲ့ဒီမှာ အပြန်ပေါ့ သူတို့က အဲ့ဒီ ဂိတ်မှာ သူတို့က စစ်ဆေးပြီးတော့ ကျနော်တို့ ကားကဘာမှ မပါဘူးလေ၊ သူတို့ စစ်ဆေးတဲ့အချိန်မှာကြတော့ ကျနော်တို့ အချိန် စောင့်ဆိုင်းလိုက်ရတာပေါ့။ အဲ့ဒီမှာ စစ်ဝတ်စုံတွေ သူတို့ စစ်ပြီးတော့ အဲ့ဒီ ကြားထဲမှာ ကျည်ဆံ ငါးလုံး ခြောက်လုံး ရှိတယ်ဆိုတော့ကာ စစ်ဆေးပြီးတော့ အဲ့ဒီ ကျည်ဆံ ငါးခြောက်တောင့်တော့ သိမ်းထားလိုက်တယ်။ အဲ့ဒီ စစ်ဝတ်စုံတွေ ဘာတွေ စစ်တာပေါ့ နောက် လက်နက်တွေပါလား ခဲယမ်းတွေပါလား အဲ့ဒါ စစ်ဆေးပြီးတော့ ကျည်ဆံခြောက်တောင့် ပါသွားတာ ပေါ့လေ ဒါပဲ။"
NMSP တပ်ဖွဲ့ဝင်တွေဟာ ဗဟိုဌာနချုပ်ရှိရာ ရေးချောင်းဖျားနဲ့ ဒေသအသီးသီးကို ပြန်လာကြ တာဖြစ်ပါတယ်။
မွန်ပြည်သစ်ပါတီ ဗဟိုက ဦးဆောင်ကျင်းပခဲ့တဲ့ ဘုရားသုံးဆူမြို့ ဂျပန်ရေတွင်းကုန်းမှာ မနေ့က ကျရောက်တဲ့ မွန်အမျိုးသားနေ့ကို စစ်ရေးပြ အခမ်းအနားနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။
အဲဒီအခမ်းအနားအပြီး နေရပ်ဒေသအသီးသီးကိုပြန်ကြသူတွေထဲမှာ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် MNLA က စစ်ရေးပြတပ်ဖွဲ့ဝင်တွေ အပါအ၀င် ဆေးတပ်ဖွဲ့၊ အမျိုးသမီးတပ်ဖွဲ့နဲ့ ဒေသခံတချို့ပါဝင်ပြီး အချိန်အတန်ကြာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ခရီးဆက်ခွင့်ပြုခဲ့တယ်လို့ နိုင်ဧက က ပြောပါတယ်။ မွန်ပြည်သစ်ပါတီ NMSP တပ်ဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ရယူခဲ့ပြီး နယ်ခြားစောင့် တပ်ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံခဲ့တာကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလကစပြီး အပစ်အခတ် ရပ်စဲရေး ပျက်ပြယ်သွားခဲ့ပါတယ်။
RFA Burmese
http://www.rfa.org/burmese
NMSP တပ်ဖွဲ့ဝင်တွေကို တပ်စစ်ဆေးရေးဂိတ်က စစ်ဆေး
Reviewed by THITHTOOLWIN
on
18:58
Rating:
