မုံရွာ ဖေဖော်ဝါရီ ၁၄
လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုဖြစ်စဉ်နှင့် သမိုင်းကြောင်းကို လေ့လာရာတွင် ခိုင်မာသော အထောက်အထားများရရှိရန် ခေတ်အဆက်ဆက် တူးဖော် သုတေသနပြုလျက်ရှိရာ ဟန်လင်းမြို့ဟောင်း တူးဖော်မှုအဖြစ် ပြင်သစ်၊ ဘယ်လ်ဂျီယံနှင့် ဂျပန်ပညာရှင်များ ပါဝင်သော သုတေသနအဖွဲ့သည် လေးနှစ် တူးဖော်သုတေသနပြု အစီ အစဉ်အရ ပြီးခဲ့သည့် ဇန်နဝါရီလဆန်း မှ စတင်တူးဖော်လျက်ရှိရာ ပထမ ဦးဆုံးတူးသော ကုန်းအမှတ်-၂၉ နှင့် ကပ်လျက်ရှိသော၂၉-၁ တူးဖော်မှုတွင် လက်ရှိ တတိယအဆင့်တွင် ရှေးဟောင်းဟုယူဆရသော လူ့အရိုးစု နှင့် အသုံးအဆောင်များကို တွေ့ရှိကြောင်း သိရသည်။
''ဟန်လင်းမြို့ဟောင်းမှာ တူးသင့် တူးဖော်ထိုက်တာတွေကို လေးနှစ်စီမံ ချက်အနေနဲ့ ဒီနှစ် ဇန်နဝါရီလဆန်း မှာပဲ ပြင်သစ်၊ ဂျပန်နဲ့ ဘယ်လ်ဂျီယံ ပညာရှင်တွေပါဝင်တဲ့ မန္တလေး ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်က အရာရှိတွေ၊ ဟန်လင်းက သုနေသနအရာရှိတွေ တူးဖော်သုတေ သနလုပ်နေကြတာပါ။ ကုန်းအမှတ်- ၂၉ နဲ့ ကပ်လျက်နေရာမှာ တစ်လွှာ ချင်းတူနေတာလက်ရှိ ဖေဖော်ဝါရီ ၁၁ ရက်မှာ အနက် ၂ မီတာလောက်အထိ တူးတာ ရုပ်ကြွင်းတွေနဲ့ အသုံးအဆောင်အချို့ကို တွေ့ရှိနေပါပြီ။ဆက်ပြီးလည်း တူးဦးမှာပါ။ တူးဖော် သုတေသနပြုတဲ့အဖွဲ့မှာ ပြင်သစ်က ခုနစ်ဦး၊ မန္တလေးဌာနခွဲက သုံးဦးနဲ့ ဟန်လင်းဌာနစုက လေးဦးက ဦးဆောင်ပြီး လုပ်ဆောင်နေကြတာပါ'' ဟု မန္တလေးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်မှ ဟန်လင်းတူးဖော်မှု ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းက ပြောသည်။
ဟန်လင်းမြို့ဟောင်းကို ၁၉ဝ၅ ခုနှစ်တွင် ကမ္ပည်းကျောက်စာဝန် မစ္စတာတော်စိန်ခိုက စတင်ကာ ပဏာမ စတင်တူးဖော်ခဲ့ပြီး ၁၉၂၉-၁၉၃ဝ ခုနှစ်တွင် ချားလ်ဒူရွိုင်ဆယ် က ထပ်မံစမ်းသပ်တူးဖော်ခဲ့ရာ ယခုလက်ရှိတွင် ကုန်းပေါင်း ၄၁ ကုန်း ကို သုတေသနပြုထားပြီးဖြစ်သလို ဆက်လက်၍လည်း ဘဏ္ဍာရေးနှစ်အလိုက် တူးဖော်သုတေသနပြု လုပ်ငန်းများကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဟန်လင်းမြို့ဟောင်း တူးဖော်မှုများကို တစိုက် မတ်မတ်ဆောင်ရွက်နေသူ ဟန်လင်း စံပြကျေးရွာဒေသခံ ဦးမြင့်စိုးအောင် က ပြောသည်။
''အခု လေးနှစ်စီမံချက်ဟာ ပြင်သစ်၊ ဂျပန်နဲ့ ဘယ်လ်ဂျီယံပညာရှင် တွေဟာ ဟန်လင်းက ကြေးခေတ်နဲ့ ပျူခေတ်အဆင့် သမိုင်းဆိုင်ရာ တိကျမှုအထောက်အထားတွေကို တစ်လွှာ ချင်းအလိုက် စိတ်ရှည် လက်ရှည် တူးဖော်သုတေသနပြုနေကြတာဖြစ်ပါတယ်။ အနီးစပ်ဆုံးကို နှစ်အလိုက် ဘတ်ဂျက်ချထားမှုအပေါ် မူတည် ပြီး တူးဖော်ကြတာပါ။ စတင်တူးတဲ့ အချိန်ကစပြီး လက်ရှိအချိန်အထိ တူးဖော်သုတေသနလုပ်ပြီးတာ ၄၁ ကုန်းရှိပါပြီ''ဟု ဦးမြင့်စိုးအောင်က ပြောသည်။
ဟန်လင်းမြို့သည် သမိုင်း မှတ်တမ်းများ၊ ဒေသဆိုင်ရာ ရာဇဝင် များအရ မင်းဆက်ပေါင်း ၇၉၉ ပါး စိုးစံခဲ့ပြီး မင်းဆက် ၈ဝဝ မြောက် ပျူမင်း၊ ပြုံးမင်းတို့ လက်ထက်တိုင်အောင် မြို့ပြနိုင်ငံတော်အဖြစ် ထင်ရှားခဲ့ပြီး ပျူမြို့ပြနိုင်ငံတစ်ခုအဖြစ် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားခဲ့သည်ကို တူးဖော်တွေ့ရှိရသော မြို့ရိုး များ၊ မြို့ဝင်လမ်းများ၊ အဆောက်အအုံ အကြွင်းအကျန်များ၊ ကျောက်စာများ၊ လူ့အသုံးအဆောင် ပစ္စည်းများက သက်သေခံလျက်ရှိကြောင်း ဟန်လင်း ဒေသခံများထံမှ သိရသည်။
မျိုးဝင်းထွန်း(မုံရွာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily/
ဟန်လင်းဒေသကုန်းအမှတ်-၂၉ နှင့် ကပ်လျက်တွင် စတင် တူးဖော်ရာ သမိုင်းအထောက်အထားအချို့တွေ့ရှိ
Reviewed by THITHTOOLWIN
on
09:38
Rating:
