မြ၀တီမြို့ တွင် ၆ ခန်းတွဲတန်းလျား ၂ခုနှင့် လုံးချင်းအိမ် ၃ လုံးမီးလောင်ကျွမ်း

မြ၀တီမြို့ အမှတ်(၂)ရပ်ကွက် ၌ မီးလောင်မှုဖြစ်ပွား
မြ၀တီ ဖေဖော်ဝါရီ ၁၃

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့ပတ်လမ်းတွင် ယနေ့ ဖေဖော်ဝါရီ ၁၃ ရက်၊ နံနက် ၁၁ နာရီခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာနေရာသို့ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲအုပ်သန်းဦးဦးစီးသည့်အဖွဲ့ နှင့် တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမြင့်ဆွေ ဦးစီးပြီးသန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၀၀ ဦး၊ မီးသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၁၀ စီးတို့ဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ပြည်သူလူထုတို့မှ ၀ိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် မီးညွှန့်ကျိုးပြီး ၁၂ နာရီ ၁၀ မိနစ်ခန့်တွငလ် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

မီးလောင်ရာတွင် ဒေါ်စကီနာ၏ ၆ ခန်းတွဲတန်းလျား ၁ ခုနှင့် သစ်သားလုံးချင်းအိမ် ၁ လုံး၊ ဦးခင်မောင်အေး (ခ)မူတူး ၏ ၆ ခန်းတွဲတန်းလျား ၁ ခုနှင့် သစ်သားလုံးချင်းအိမ် ၁ လုံး၊ ခြံပိုင်ရှင် ဦးအောင်သန်းတင်၏ခြံတွင် ဆောက်လုပ်နေထိုင်သည့် ဦးကျော်ဦး၏ သစ်သားလုံးချင်းအိမ် ၁ လုံးတို့ လောင်ကျွမ်းခဲ့ရာစုစုပေါင်း ၆ ခန်းတွဲတန်းလျား ၂ခုနှင့် လုံးချင်းအိမ် ၃ လုံးမီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။


ဖြစ်စဉ်မှာဒေါ်စကီနာ၏ ၆ ခန်းတွဲတန်းလျား၏ ၃ခန်းမြောက် အခန်း၌ နေထိုင်သည့် ဇော်မင်းသက်နှင့်ဇနီး ဒေါ်လှလှဝင်း တို့၏အခန်းမှ စတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရှိရ၍ ဒေါ်လှလှဝင်း အားစိစစ်ခဲ့ရာ ၎င်းတို့လင် မယားမှာအလုပ်သွားရောက် လုပ်ကိုင်စဉ် နေအိမ်၌ သားဖြစ်သူအေးချမ်းအောင် (၅နှစ်)နှင့် သမီးဖြစ်သူမချိုလှိုင်လင်း(၄ နှစ်)၊ တို့အားအိမ်စောင့်ထားခဲ့ရာအဆိုပါ ကလေး ၂ ဦးတို့မှ မီးဖြင့် ဆော့ကစားရာမှ အိမ်ခန်း ၀ါးထရံကို စတင်မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် အိမ်ထောင်စု ၁၂ စုရှိကျား ၂၃ ဦး၊ မ ၃၃ ဦး၊ စုစုပေါင်း ၅၆ ဦးတို့အားအမှတ်(၂)ရပ်ကွက်၊ ပတ္တမြားလမ်းရှိ သန္တိသုခဗိမာန်၌ ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်စောင့်ရှောက် ထားလျက်ရှိရာကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇော် နှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီးနှစ်သိမ့်အားပေးစကားပြောကြားကာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦးကနေထိုင်ရေး၊ စားသောက်ရေး၊ ကျန်းမာရေးနှင့် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ နေအိမ်တွင် အရွယ်သေးငယ်သည့် ကလေးများအားထားရှိခဲ့ပြီး မီးကိုပေါ့ဆစွာဆော့ကစား၍ မီးလောင် ကျွမ်းခဲ့သည့်အတွက် တာဝန်ရှိသူ အိမ်ထောင်ဦးစီးဦးဇော်မင်းသက် အား မြ၀တီမြို့မရဲစခန်းက ပြစ်မှုပုဒ်မ (ပ) ၁၁၂/ ၁၇ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြ၀တီမြို့ တွင် ၆ ခန်းတွဲတန်းလျား ၂ခုနှင့် လုံးချင်းအိမ် ၃ လုံးမီးလောင်ကျွမ်း မြ၀တီမြို့ တွင် ၆ ခန်းတွဲတန်းလျား ၂ခုနှင့် လုံးချင်းအိမ် ၃ လုံးမီးလောင်ကျွမ်း Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.