ပြည်ဝင်ခွင့်ဗီဇာမရမှုကြောင့် ကုလသမဂ္ဂအစည်းအဝေး ကို ပါကစ္စတန် သပိတ်မှောက်


အစ္စလာမ္မာဘတ် ၊ ၁၄-၂-၂၀၁၇

နာမည်ကျော် အစ္စလာမ္မစ်နိုင်ငံရေးသမား ပါကစ္စတန် အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ၏ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ အချိန်မီ မရမှုကြောင့် ယမန်နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂ အစည်းအဝေး တစ်ခုကို ပါကစ္စတန်နိုင်ငံ က သပိတ်မှောက် ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုသို့ ပါကစ္စတန် အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဗ္ဗဒူလ်ဂါး ဖော်လ်ဟိုင်ဒါရီ ၏ အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ အချိန်မီ မရမှုနှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်  ၏ မွတ်စလင် ခုနစ်နိုင်ငံ လူဝင်မှု ပိတ်ပင်ရေး အမိန့် ညွှန်ကြားချက် တို့အကြား သက်ဆိုင်မှုရှိ၊ မရှိ မသိရ သေးကြောင်း သိရသည်။

ပါကစ္စတန် အစ္စလာမ္မစ် ပါတီတစ်ခု၏ ခေါင်းဆောင် ဖြစ်သော အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဟိုင်ဒါရီ သည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ဖေဖော်ဝါရီ ၁၃ ရက်မှ ၁၄ ရက်ထိ ကျင်းပမည့် နိုင်ငံတကာ ပါလီမန်များ သမဂ္ဂ အစည်းအဝေး သို့ တက်ရောက်ရန် စီစဉ်ထားသည်။

သို့သော် ဟိုင်ဒါရီသည် နယူးယောက်မြို့ သို့ ထွက်ခွာရမည့် အချိန်ထိ အမေရိကန် ပြည်ဝင်ခွင့် ဗီဇာ မရခဲ့ခြင်းကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရာ ၄င်းနှင့် လိုက်ပါမည့် ကိုယ်စားလှယ် အဖွဲ့ကလည်း ယင်း အစည်းအဝေးကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့ပြင် ပါကစ္စတန် အထက်လွှတ်တော် ဥက္ကဋ္ဌ ၏ အမေရိကန် ပြည်ဝင်ခွင့် အချိန်မီမရမှုနှင့် ပတ်သက်၍ အစ္စလာမ္မာဘတ် အခြေစိုက် အမေရိကန် သံရုံးက တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
ပြည်ဝင်ခွင့်ဗီဇာမရမှုကြောင့် ကုလသမဂ္ဂအစည်းအဝေး ကို ပါကစ္စတန် သပိတ်မှောက် ပြည်ဝင်ခွင့်ဗီဇာမရမှုကြောင့် ကုလသမဂ္ဂအစည်းအဝေး ကို ပါကစ္စတန် သပိတ်မှောက် Reviewed by THITHTOOLWIN on 11:42 Rating: 5
Powered by Blogger.