ဖေဖေါ်ဝါရီ ၁၄
စစ်တွေမြို့ရှိ ရှုခင်းသာလမ်း(ကမ်းနားလမ်း)နှင့် ပွိုင့်ကမ်းခြေပတ်လမ်းတို့တွင် အရက်သောက်စားသူများကို ဖေဖေါ်ဝါရီလ ၁၄ ရက် ညနေ ၇ နာရီအချိန်က စစ်တွေမြို့နယ်ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ရာ လူငယ် ၉ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ယင်းသို့ ကမ်းနားလမ်းတွင်အရက်သောက်စားပြီး ဖမ်းဆီးရရှိခဲ့သည့် လူငယ် ၉ ဦးမှာ စစ်တွေမြို့ ဆင်ကူးလမ်းရပ်ကွက်မှ ၁ ဦး၊ ကန်တော်ကြီးရပ်ကွက်မှ ၂ ဦး၊ မကျည်းမြိုင်ရပ်ကွက်မှ ၂ ဦး၊ ကသဲရပ်ကွက်မှ ၂ ဦးနှင့် လမ်းမတော်ရပ်ကွက်မှ ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။
"ကမ်းနားလမ်းတစ်လျှောက်မှာ ကျွန်တော်တို့အဖွဲ့တွေ သွားရောက်စစ်ဆေးတဲ့အခါ အရက်သေစာ သောက်စားနေတဲ့ လူငယ် ၉ ဦးကို ဖမ်းဆီးရရှိခဲ့တယ်။ နောက်ထပ်လည်း ကမ်းနားလမ်းမှာ လုံးဝ အရက်ကင်းရှင်းအောင် ဖမ်းဆီးတားမြစ်သွားဖို့ စီစဉ်ထားပါတယ်။ အခုဖမ်းမိတဲ့သူတွေကို ခိုင်လုံတဲ့ အာမခံနဲ့လာထုတ်ရင်တော့ အာမခံပေးမယ်။ သူတို့ကို တရားစွဲတင်ဖို့လည်းရှိတယ်" ဟု စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းကျော်က ပြောသည်။
ယင်းဖမ်းဆီးရမိသော လူငယ် ၉ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးက တရားလိုပြုလုပ်ကာ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
အဆိုပါ ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေပတ်လမ်းတစ်လျှောက်တွင် အရက်သေစာသောက်စားမှုဖြင့် ဇန်န၀ါရီလ ၂၇ ရက်နေ့က လူငယ် ၉ ဦးမှာလည်း ဖမ်းဆီးခံခဲ့ရသည့်အတွက် လက်ရှိအချိန်တွင် အာမခံရယူကာ တရားရင်ဆိုင်ဖြေရှင်းနေရကြောင်းသိရသည်။
ယနေ့ ကမ်းနားလမ်းနှင့် ပွိုင့်ကမ်းခြေပတ်လမ်းတစ်လျှောက်တွင် အရက်သောက်စားနေသူများကို ရဲတပ်ဖွဲ့ဝင်များက လှည့်လည်ကာ ဆက်လက်ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်းလည်းသိရသည်။
By- နေဝင်းစံ
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ရှုခင်းသာလမ်းတွင် အရက်သောက်စားမှုဖြင့် လူငယ် ၉ ဦးအား ထပ်မံဖမ်းဆီး
Reviewed by THITHTOOLWIN
on
23:00
Rating:
