![]() |
( စစ်ပွဲတွေ ရပ်တန့်ဖို့ မကွေးမြို့တော်ခန်းမရှေ့မှာ တကိုယ်တော်ဆန္ဒပြတဲ့ မကွေးဆေးတက္ကသိုလ် ကျောင်းသား ကိုဥာဏ်မျိုးအောင် ကို တွေ့ရစဉ် )Photo :Aung Zaw (facebook) |
မကွေးဆေးတက္ကသိုလ်ကျောင်းသား ကိုဥာဏ်မျိုးအောင်ရဲ့ ကိုယ်ပိုင်လက်ပ်တော့၊ ဖုန်းနဲ့ မန်မိုရီစတစ်တွေကို မလိုအပ်ဘဲသိမ်းယူပြီး ခွင့်ပြုချက်မရှိဘဲ ဖွင့်ကြည့်တဲ့အတွက် တရားစွဲဆိုဖို့ လျှောက်ထားတာဖြစ်တယ်လို့ ကိုဥာဏ်မျိုးအောင် ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
"ဆေးတက္ကသိုလ်ကျောင်းသားရဲ့ ကိုယ်ပိုင်လက်ပ်တော့ရယ်၊ ဟွာဝေးတယ်လီဖုန်းရယ်၊ မန်မိုရီစတစ်ရယ်ကို မလိုအပ်ဘဲ သိမ်းတဲ့အပြင် ခွင့်ပြုချက်မရှိဘဲနဲ့ ဖွင့်တာဟာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဂ)(ဃ)နဲ့ ငြိစွန်းသလို ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၇ အရ စာပေးစာယူနဲ့ ဆက်သွယ်ရေးကို ဥပဒေအရ အကာအကွယ်ပေးရမယ် ဆိုတာကို လွန်ကျူးသွားတဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(ဃ) အရ အဲဒီစခန်းမှူး ဒုရဲမှူး ဦးစိန်အောင် သူရော ဖွင့်တဲ့ ဒုတပ်ကြပ် ဇော်မင်းထွန်းကိုပါ ကျွန်တော်တို့က အဲဒါနဲ့ အရေးယူပေးပါလို့ လျှောက်လိုက်ပါတယ်"
အဲဒီလိုလျှောက်ထားမှုကို လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ လျှောက်လဲချက်ပေးဖို့အတွက် မကွေးမြို့နယ် တရားရုံးက ရုံးချိန်းချိန်းဆိုထားတယ်လို့ သိရပါတယ်။
တစ်ကိုယ်တော်ဆန္ဒဖော်ထုတ်တာကို ရဲကို ကြိုတင်အကြောင်းကြားဖို့ ပျက်ကွက်တဲ့အတွက် ကိုဥာဏ်မျိုးအောင် ကို မကွေးမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူး စိန်အောင်က ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ (၁၉) နဲ့ တရားလိုလုပ်ပြီး အမှုဖွင့်ထားပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ လူ့အခွင့်အရေးအရ တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်တာကို ပုဒ်မ ၁၉ နဲ့ တရားစွဲတာဟာ ဥပဒေနဲ့ မညီဘူးလို့လည်း ဦးရောဘတ်စန်းအောင် က ပြောပါတယ်။
ကိုဉာဏ်မျိုးအောင်ဟာ မကွေးဆေးတက္ကသိုလ်က နောက်ဆုံးနှစ် အပိုင်း(ခ)ကျောင်းသားတစ်ဦးဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
တရားလိုနဲ့ အမှုစစ်ကို ပုဒ်မနှစ်ခုနဲ့ အရေးယူပေးဖို့ မကွေးဆေးကျောင်းသား လျှောက်ထား
Reviewed by THITHTOOLWIN
on
18:24
Rating:
