ဒီကနေ့ မနက်ပိုင်းက အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်းမှတ်တိုင်မှာ YBS အမှတ်(၆)ယာဉ်က စပယ်ယာ(၂)ဦး ခရီးသည်(၂)ဦးကို ထိုးနှက်ရမ်းကားမှုနဲ့ ဖမ်းဆီးအရေးယူလိုက်ပါတယ်။ ပိုက်ဆံအမ်းရမယ့်ကိစ္စနဲ့ စကားများခဲ့တာဖြစ်ပြီး ကားပေါ်က စပယ်ယာတစ်ဦးက ခရီးသည်လင်မယား(၂)ယောက်ကို ကားပေါ်က အဆင်းမှာ ထိုးခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ဖြစ်ပွားချိန် မှတ်တိုင်မှာရောက်ရှိနေတဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က 5 Plus ကိုပြောပါတယ်။
ထိုးနှက်ခဲ့တဲ့ဒဏ်ရာကြောင့် ခရီးသည်အမျိုးသားဖြစ်သူမှာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။ ထိုးနှက်ခဲ့တဲ့ စပယ်ယာဖြစ်သူကို ယာဉ်ထိန်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးစဉ်မှာပဲ ကျန်တဲ့စပယ်ယာတစ်ဦးက မှတ်တိုင်မှာရောက်ရှိနေတဲ့ လွှတ်တော် ကိုယ်စားလှယ်၊ စည်ပင်စတဲ့တာဝန်ရှိသူတွေကို ကြမ်းတုံးကိုင်ပြီး ရမ်းကားခဲ့တဲ့အတွက် သူ့ကိုပါထပ်မံဖမ်းဆီးခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး YBS အမှတ်(၆)ယာဉ်က စပယ်ယာ(၂)ဦးကို အင်းစိန်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီစပယ်ယာ(၂)ဦးကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ကဆက်လက် အရေးယူနိုင်ရေးအတွက် တိုင်ကြားထားတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က 5 Plus ကို ပြောပါတယ်။
ဓာတ်ပုံ - Naw Juu Ju
5 Plus News
https://www.facebook.com/5plusnews
ခရီးသည်တွေကို ထိုးနှက်ရမ်းကားခဲ့တဲ့ စပယ်ယာ (၂) ဦးကို ရဲတပ်ဖွဲ့ နဲ့ YRTA တို့က အရေးယူမယ်
Reviewed by THITHTOOLWIN
on
07:36
Rating:
