YBS ယာဉ်လိုင်းပြေးဆွဲမည့် ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ယိုင်နဲ့ပျက်စီးအောင်ပြုလုပ်ခဲ့သူကို အမှုဖွင့် အရေးယူ
ရန်ကုန်၊ ဇန်န၀ါရီ ၁၇
၁၆.၁.၂၀၁၇ ရက်နေ့ ၂၃၀၀ အချိန်ခန့်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ရပ်ရွာအခြေပြုအဖွဲ့များနှင့်အတူ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ရာဇဓိရာဇ်လမ်းတွင် လှည့်ကင်းတာဝန် ဆောင်ရွက်နေစဉ် အမျိုးသားတစ်ဦးမှ အော်ဟစ်ဆဲဆိုနေသည်ကို ကြားသိရ၍ ထိန်းသိမ်းရန် သွားရောက်စဉ် ၎င်းအမျိုးသားမှာ ပြည်ထောင်စုလမ်းပေါ်ရှိ ဧရာဝတီဘဏ်အနီးတွင် စိုက်ထူထားသော YBS ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား လက်ဖြင့်ဆွဲနုတ်တွန်းလှဲခဲ့ရာ အောက်ခြေတစ်ဘက် ကျွတ်ထွက်သွားပြီး ၆ လက်မခန့် ယိုင်လဲပျက်စီးသွားသည်ကို တွေ့ရှိရသဖြင့် ထိန်းသိမ်းစစ်မေးခဲ့ရာ ၎င်းမှာ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေ ဇော်မင်းထွန်း(ခ)၀င်းဦး၊ (၄၁)နှစ် ဖြစ်ကြောင်း သိရှိရပါသည်။
ထိုသို့ ခရီးသွားပြည်သူများ လွယ်ကူစွာသွားလာနိုင်ရန်အတွက် စိုက်ထူထားသော ခရီးသွားလမ်းညွှန် ဆိုင်းဘုတ်အား ပျက်စီးအောင်ပြုလုပ်သူ ဇော်မင်းထွန်း(ခ)၀င်းဦးအား ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၈၀ /၂၀၁၇ ၊ ၁၉၄၇ခုနှစ်၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ယင်းကဲ့သို့ YBS ယာဉ်လိုင်းများ ပြေးဆွဲဆောင်ရွက်နေမှုအပေါ် ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်များအား မလျော်ကန်ဖျက်လိုဖျက်ဆီးပြုလုပ်ခဲ့သူများကို ရဲတပ်ဖွဲ့မှထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။
Yangon Police
https://www.facebook.com/yangonpolice/
YBS ယာဉ်လိုင်းပြေးဆွဲမည့် ခရီးသွားလမ်းညွှန်ဆိုင်းဘုတ်အား ယိုင်နဲ့ပျက်စီးအောင်ပြုလုပ်ခဲ့သူကို အမှုဖွင့် အရေးယူ
Reviewed by THITHTOOLWIN
on
11:11
Rating:
