မြိတ် Sea View Condo ပြခန်းဖိတ်စာနှင့်အတူ လက်ဆောင်ပေးသည့်စမတ်ဖုန်းများကို NLD ကိုယ်စားလှယ်အများစု ပြန်ပေး


မြိတ်မြို့တွင် ပင်လယ်ပြင်ကို မျက်နှာမူဆောက်လုပ်မည့် အဆင့်မြင့် Sea View Condo ပြခန်း ဖွင့်ပွဲအခမ်းအနားဖိတ်စာတွင် ကျပ် ၂ သိန်းကျော်တန် Vivi Smartphone များကို လက်ဆောင်အဖြစ်ထည့်သွင်း၍ တိုင်းလွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားခဲ့ရာ NLD မှ လွှတ်တော်ကိုယ်စားလှယ်အများစုက ပြန်လည်ပေးအပ်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် အသိုင်းဝိုင်းမှ သိရသည်။


ဇန်န၀ါရီလ (၇) ရက်နေ့တွင် တရားဝင် ဖွင့်လှစ်ခဲ့သည့် Sea View Condo ပြခန်းဖွင့်ပွဲသို့ ဖိတ်ကြားခြင်းခံရသည့် NLD လွှတ်တော်ကိုယ်စားလှယ်များထံ ကုမ္ပဏီမှ အိမ်တိုင်ရာရောက် ဖိတ်စာနှင့် Sea View Condo မှ ယပ်တောင်၊ ထီး၊ ပြက္ခဒိန်များအပါဝင် Vivo Screen Flash စမတ်ဖုန်းများကို ထည့်သွင်းဖိတ်ကြားခြင်းဖြစ်ကြောင်း သိရသည်။


"Sea View Condo ဖွင့်ပွဲ ဖိတ်စာပို့တာ ဖုန်းက ဘာလို့ ပါလာရတာလဲ။ အခမ်းအနားကို တက်စေချင်ရင် ဖိတ်စာပဲ ပို့ရင်ရပါတယ်။ လုပ်ငန်းရှင်တွေ ဥပဒေဘောင်ထဲက အလုပ်လုပ်ကြဖို့ လိုပါတယ်။ ဒီအတိုင်း အရင်လိုမျိုး လက်ဆောင်တွေ ပေးလိုက်ကမ်းလိုက်လုပ်ပြီး ပေါင်းစားလို့ရတဲ့ခေတ် မဟုတ်တော့ဘူး။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့မြိတ်၊ ကျွန်းစုနှင့်တနင်္သာရီမြို့နယ်က ကိုယ်စားလှယ်တွေအားလုံးက လက်ဆောင်ပေးတဲ့ဖုန်းတွေကို လက်မခံကြောင်း ဖုန်းဆက်ပြီး ငြင်းဆိုလိုက်ပါတယ်”ဟု ကျွန်းစုမြို့နယ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောသည်။

“ကျွန်တော်တို့က အဂတိလိုက်စားမှုကို အဓိကထား တိုက်ဖျက်နေတာဖြစ်တဲ့အတွက် ပိုပြီး ထိန်းသိမ်းရမှာပါ”ဟု မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက ပြောသည်။

Sea View Condo ဖွင့်ပွဲ ဖိတ်စာနှင့် အတူ ပါရှိသော စမတ်ဖုန်းများကို သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများထံ ပြန်ပေးအပ်လိုက်ပြီးဖြစ်ကြောင်း သိရသည်။

ဒီမိုးသွေး (မြိတ်)
News Watch
https://www.facebook.com/NewsWatchJournal/
မြိတ် Sea View Condo ပြခန်းဖိတ်စာနှင့်အတူ လက်ဆောင်ပေးသည့်စမတ်ဖုန်းများကို NLD ကိုယ်စားလှယ်အများစု ပြန်ပေး  မြိတ် Sea View Condo ပြခန်းဖိတ်စာနှင့်အတူ လက်ဆောင်ပေးသည့်စမတ်ဖုန်းများကို NLD ကိုယ်စားလှယ်အများစု ပြန်ပေး Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.