![]() |
အဖိုးတန်သယံဇာတ သစ်များကို တရားမ၀င် ခိုးထုတ်ရာလမ်းကြောင်း၌ အဓိက ထိန်းချုပ်လုပ်ကိုင် ဆောင်ရွက် နေသည့် KIA စခန်းများအား သိမ်းပိုက်ရရှိ |
တပ်မတော် စစ်ကြောင်းများက ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အတွင်း မန်ဝိန်းကြီး ကျေးရွာ၏ အနောက်တောင်ဘက် ၂၄ မိုင်ခန့်အကွာ၊ မံဂမ်ကျေးရွာ အနီး၌ တရားမ၀င်သစ်မှောင်ခို လုပ်ငန်းများကို အဓိက ထိန်းချုပ် လုပ်ကိုင်ဆောင်ရွက်နေသည့် KIA တပ်မဟာ (၃)၊ တပ်ရင်း (၁၂) ဌာနချုပ်စခန်း အပါအ၀င် စခန်း ၃ ခုကို ဇန်န၀ါရီလ (၁၈)ရက်နေ့ ယနေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများတွင် တပ်မတော်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ရန်သူ့ ထံမှ လူနေအဆောက်အဦ ၂၀ လုံး၊ သစ်မျိုးစုံ ၁၀၈ တန်ခန့်၊ သစ်တင်ယာဉ် ၄ စီး၊ ဂျစ်ကား ၂ စီးနှင့် ဆိုင်ကယ် ၁ စီး၊ ငွေစာရင်း စာအုပ်များ၊ ဆက်ကြေး ကောက်ခံ ရရှိသည့် ပြေစာဖြတ်ပိုင်းများ၊ ၆၀ မမစိန်ပြောင်း ၁ လက်အပါအ၀င် လက်နက်(၅)လက်နှင့် ခဲယမ်း အမြောက်အမြားတို့အား သိမ်းပိုက်ရရှိခဲ့သည်။
အဆိုပါ KIA တပ်ရင်း(၁၂)မှ KIA လက်နက်ကိုင် အဖွဲ့နှင့် တပ်ရင်း(၂၇)မှ လက်နက်ကိုင် အင်အား ပူးပေါင်း ၂၀၀ ခန့်သည် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက် မုံးကိုးဖြစ်စဉ်နှင့် တစ်ပြိုင်တည်း နိုဝင်ဘာ၂၁ ရက်တွင် မံစီမြို့နယ်၊ မန်ဝိန်းကြီး ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခွဲခန့်အကွာ၊ ကောင်းငု ယန် ကျေးရွာရှိ တပ်မတော် စစ်ကြောင်းမှ တပ်စု ၁ စုခန့် နယ်မြေစိုး မိုးရေးနှင့် နယ်မြေ လုံခြုံရေးအတွက် ပိတ်ဆို့ထားသည့် စခန်းနေရာကို သာလွန်အင်အားများဖြင့် နိုဝင်ဘာ ၂၃ ရက်အထိ အကြမ်းဖက် ၀င်ရောက် တိုက်ခိုက်ခဲ့သည့် အဖွဲ့များ ဖြစ်သည်။ သို့ရာတွင် ကောင်းငုယန် စခန်းရှိ တပ်မတော်သား များက မဆုတ်မနစ်သော ဇွဲလုံ့လများဖြင့် ရွပ်ရွပ်ချွံချွံ ခုခံခဲ့ခြင်း၊ စစ်ကူနှင့် ပစ်ကူများ အချိန်မီ ရောက်ရှိခဲ့ခြင်း တို့ကြောင့် နိုဝင် ဘာ၂၈ ရက်နေ့တွင် ဖရိုဖရဲ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။ ဆုတ်ခွာ သွားသည့် ရန်သူ့နောက်သို့ မြေပြင်နှင့် ဝေဟင် အဆက်မပြတ် သတင်းဖော် ထုတ် ထောက်လှမ်းချက်များအရ မံဂမ်ကျေးရွာ အနီးတစ်ဝိုက်၌ အခြေပြု လှုပ်ရှားနေသည်ကို ဖော်ထုတ် ရရှိသဖြင့် တပ်မတော် စစ်ကြောင်းများက ၎င်းနယ်မြေအတွင်း ရှင်းလင်းခဲ့ရာ ဇန်န၀ါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ထိတွေ့တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် KIA တပ်ရင်း (၁၂) ဌာနချုပ်စခန်းများကို သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။
KIA တပ်မဟာ (၃)၊ တပ်ရင်း (၁၂) ဌာနချုပ်စခန်း နေရာသည် ၎င်းတို့အတွက် သတ်မှတ်ထားသည့် နယ်မြေ မဟုတ်ဘဲ ရှမ်းပြည်နယ်၊ နယ်နိမိတ်အစပ်ထိ ၀င်ရောက်တပ်စွဲကာ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် အတွင်းမှ ထွက်ရှိသည့် အဖိုးတန်သစ်များ၊ ကျွဲနွားများကို တစ်ဖက် နိုင်ငံသို့ တရားမ၀င်ပို့ဆောင်ရာ လမ်းကြောင်းတွင် အဓိက တည်ရှိနေသည့် နေရာဖြစ်ကြောင်း ဖော်ထုတ်ရရှိသည်။
ယခုကဲ့သို့ KIA တပ်မဟာ (၃)၊ တပ်ရင်း (၁၂) ဌာနချုပ် စခန်းနေရာကို တပ်မတော်မှ သိမ်းပိုက် ရရှိခြင်းအားဖြင့် မိုးမိတ်မြို့နယ်နှင့် မဘိမ်းမြို့နယ် အတွင်းမှ တရားမ၀င်ဖြတ်သန်း၍ မြန်မာ့ အဖိုးတန် သယံဇာတ သစ်များကို တစ်ဖက်နိုင်ငံသို့ တရားမ၀င် ခိုးထုတ်မည့် အဓိက လမ်းကြောင်း နေရာ တစ်ခုအား ပိတ်ဆို့ထိန်းချုပ် ထားနိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာ ထွက်ပြေး လျက်ရှိသည့် အကြမ်းဖက် သောင်း ကျန်း သူများနောက်သို့ လည်းကောင်း၊ အခြားသော တရားမ၀င် လမ်းကြောင်း များ အပါအ၀င် အဓိကနေရာများအား လည်ကောင်း ဆက်လက် ရှင်းလင်း ဖော်ထုတ်ဆဲဖြစ်ကြောင်း သတင်းရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
သစ် ခိုးထုတ်နေသည့် KIA စခန်းများအား သိမ်းပိုက်ရရှိ
Reviewed by THITHTOOLWIN
on
01:13
Rating:
