ကန့်လန့်ကာနောက်ကွယ်က ပတ္တမြားမြေ မိုးကုတ်


မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ပတ္တမြားအစုစု၏ ရှစ်ဆယ်ရာခိုင်းနှုန်း ထွက်ရှိရာနိုင်ငံဖြစ်သော်လည်း စစ်အာဏာရှင်အစိုးရများလက်အောက်တွင် အထီးကျန် တံခါးပိတ်နေထိုင်ခဲ့ခြင်းကြောင့် မြန်မာ့ပတ္တမြားလုပ်ငန်းအကြောင်း သိသူနည်းပါးလှသည်။ မြန်မာ့ကျောက်မျက်လုပ်ငန်း လည်ပတ်လုပ်ကိုင်ပုံများမှာ ၀ိုးတိုးဝါးတားဖြစ်လျှက်ရှိသော်လည်း ယခုနောက်ပိုင်းတွင် အာရုံစိုက်မှု ပိုမိုရရှိလာသည်။

မန္တလေးမြို့၏မြောက်ဘက်ရှိ ပတ္တမြားမြေဟုခေါ်တွင်သော မိုးကုတ်မြို့ကို ရှေးယခင်ကပင် ရှင်ဘုရင်များ၊ စစ်ဘုရင်များက သိမ်းပိုက်နိုင်ရန် ရာစုနှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ကြသည်။ မိုးကုတ်မှထွက်ရှိသည့် ခိုသွေးရောင်ပတ္တမြားသည် ကမ္ဘာ့ဈေးအကြီးဆုံးကျောက်မျက်တမျိုးဖြစ်၍ ယခင်နှစ်က တက်နေ(Sunrise) အမည်ရ ပတ္တမြားတလုံးကို အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃ သန်းဖြင့် စံချိန်တင်ရောင်းထွက်ခဲ့သည်။ ၁ ကာရက်လျှင် ဒေါ်လာ ၁ သန်းနှုန်းသာသာရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့ကျောက်မျက်လုပ်ငန်းတွင် ၀င်ရောက်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်အများစုမှာ စစ်တပ်နှင့်နီးစပ်သူများဖြစ်သည်။ သက်မွေးဝမ်းကျောင်းမှုအတွက် တနိုင်တပိုင် ၀င်ရောက်ရှာဖွေတူးဖော်သည့် လုပ်သားများလည်း ထောင်နှင့်ချီရှိသည်။ သို့ရာတွင် အမေရိကန်၏စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းပေးခြင်းသည် ၎င်းတို့အပေါ် မည်သို့မျှအကျိုးသက်ရောက်မည် မဟုတ်ပါချေ။ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု စတင်ဖော်ဆောင်ခဲ့သည့် ၂၀၁၁ မှစ၍ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများကို တဆင့်ချင်းရုပ်သိမ်းပေးခဲ့ရာ ၂၀၁၅ အောက်တိုဘာလတွင် အပြီးသတ်ရုပ်သိမ်းပေးခဲ့သည်။ ဖွံ့ဖြိုးအားကောင်းလာမည့် ကျောက်မျက်လုပ်ငန်းမှ အကျိုးအမြတ်များကို တပ်မတော်ခေါင်းဆောင်ဟောင်းများနှင့် ၎င်းတို့၏ စီးပွားမိတ်ဖက်များသာ စံစားနိုင်မည့်အရေးအပေါ် ကျွမ်းကျင်သူများက စိုးရိမ်နေသည်။

ကျောက်တွင်းလုပ်သားတဦးဖြစ်သည့် ကိုအေးမင်းထွန်းသည် သူ၏ဘ၀ကိုပြောင်းလဲပေးနိုင်မည့် ပတ္တမြားတပွင့်တွေ့ရှိရန် မျှော်လင့်လျှက်ရှိသည်။ ကိုအေးမင်းထွန်းသည် ကျောက်တွင်းငယ်တခုတွင် လုပ်ကိုင်နေသူဖြစ်ပြီး လုပ်ခလစာ တလလျှင် ဒေါ်လာ ၂၀၀ ၀န်းကျင်ရရှိသည်။ အကယ်၍ တန်ဖိုးမြင့်ပတ္တမြားတပွင့်ကို တွေ့ရှိခဲ့မည်ဆိုပါက ရရှိမည့်ကော်မရှင်သည် သူ၏ဘ၀ကို ပြောင်းလဲပစ်နိုင်မည်ဖြစ်သည်။

“ကျွန်တော့်အိပ်မက်က ကျောက်အောင်ရင် စီးပွားရေးလုပ်ငန်းတခုတည်ထောင်ချင်တာပါ။ ကျွန်တော်က နတ်ယုံတယ်။ အရည်ကောင်းတဲ့ ပတ္တမြားပွင့်ကြီးတပွင့်ရပါစေလို့ နေ့တိုင်း နတ်ပူဇော်ပါတယ်”ဟု ၎င်းက ပြောသည်။

၎င်း၏အနောက်တွင် အလုပ်သမားတစု ကျောက်တွင်းချဲ့ရန် pressure ပိုက်ကြီးများဖြင့် လုပ်ကိုင်လျက်ရှိသည်။ တွင်းချဲ့ရာမှ ထွက်ရှိလာသည့် ကျောက်တွင်းနံရံမြေသားများကို ဖိနပ်မပါ ခြေဗလာဖြင့်လုပ်သားများက အနီးရှိ သစ်သားစားပွဲပေါ်တွင် စုပုံကြသည်။ အန္တရာယ်များသည့် အလုပ်ဖြစ်သည်။ မြေပြိုသဖြင့် အသက်ဆုံးရှုံးသည့်ဖြစ်စဉ်များ မကြခဏ ဖြစ်ပွားလေ့ရှိသည်။

“ကလေးတွေကို ဂရုတစိုက် လုပ်ကိုင်ကြဖို့ အမြဲလိုလို သတိပေးပါတယ်”ဟု ကျောက်တွင်းမန်နေဂျာ ပေါက်စီက ပြောသည်။

မိနစ်အနည်းငယ်ကြာတကြိမ် မြေအောက်မှတက်လာသော ပေါက်ကွဲသံကြီးများ ကြားနေရသည်။ အနီးဝန်းကျင်ရှိ မိုင်းတွင်းမှ ဒိုင်းနမိုက်ပေါက်ကွဲသံကြီးများဖြစ်သည်။ ယခင်စစ်အစိုးရလက်ထက် ၉၀ ခုနှစ်များအလယ်ပိုင်းလောက်တွင် ပုဂ္ဂလိကကုမ္ဗဏီများကို ကျောက်တူးခွင့်များချပေးခဲ့ရာ ထိုစဉ်မှစ၍ မိုးကုတ်တွင် ပတ္တမြားရှာဖွေတူးဖော်မှုကို စက်ယန္တယားကြီးများဖြင့် အရှိန်အဟုန်မြှင့် လုပ်ဆောင်ခဲ့ကြသည်။ စစ်အစိုးရ၏၀င်ငွေရပေါက်လမ်းကို ပိတ်ပင်သည့်အနေဖြင့် အမေရိကန်အစိုးရက မြန်မာနိုင်ငံမှ ကျောက်မျက်တင်ပို့မှုကို ၂၀၀၃ ခုနှစ်တွင် ပထမဆုံးအကြိမ် ပိတ်ပစ်ခဲ့သည်။ ယနေ့ မိုးကုတ်မြို့သည် ကျောက်တွင်းများ ဗရပွဖြင့် မြို့မျက်နှာပြင်သည် ကျောက်ပေါက်မာထနေသော မျက်ခွက်တခုသဖွယ်ဖြစ်နေချေပြီ။ သို့သော် မြို့နေပြည်သူများအဖို့ကား မည်သည့် အကျိုးခံစားခွင့်မျှ မရှိ။

ကျောက်တူးဖော်ရေးလုပ်ငန်းကို စစ်ဗိုလ်ချုပ်ကြီးဟောင်းများဖြင့်ဖွဲ့စည်းထားသော နိုင်ငံပိုင် မြန်မာ့ကျောက်မျက်လုပ်ငန်း (Myanmar Gems Enterprise) က ကြီးကြပ်ပြီး MGE ကို ၂၀၁၆ မေလတွင် အမေရိကန်က ဆန်ရှင်စာရင်းမှပယ်ဖျက်ပေးခဲ့သည်။ MGE က ကျောက်မိုင်းများတွင် ရင်းနှီးမြှပ်နှံသည့်အပြင် စည်းကြပ်မှုကိုလည်း ဆောင်ရွက်ခွင့်ပေးထားရာ အကျိုးအမြတ်များစွာရရှိသည့် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းတခုလုံးကို အုပ်စိုးထားသည်။ သို့ရာတွင် ကျောက်မျက်လုပ်ငန်းအပေါ် ပကတိအာဏာသည် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ၏လက်တွင်ရှိနေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။ သယံဇာတတူးဖော်ရေး ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ မိုးကုတ်ကျောက်တွင်း ၁၀၀ ခန့်နှင့် ရှမ်းပြည်နယ်မှ အခြားကျောက်တွင်းများသည် MEC နှင့် ဖက်စပ်လုပ်ကိုင်နေကြောင်း တွေ့ရှိရသည်။

လွတ်လပ်ပြီး အကျိုးအမြတ်အတွက်မဟုတ်သော သဘာဝရင်းမြစ်ခန့်ခွဲမှုအင်စတီကျု (NRGI) ကလည်း MEC ကဲ့သို့ တပ်မတော်နှင့်နီးစပ်သော လုပ်ငန်းများက မြန်မာ့ကျောက်မျက်လုပ်ငန်းကို လက်ဝါးကြီးအုပ်ထားကြောင်း၊ ပုဂ္ဂလိကကုမ္ဗဏီများကို တူးဖော်လုပ်ကိုင်ခွင့်ပေးအပ်ခြင်းကိုလည်း ၎င်းတို့ကပင် လုပ်ဆောင်ပေးနေကြောင်း ထောက်ပြသည်။ မိုးကုတ်တွင်လုပ်ကိုင်နေသော ကျောက်မျက်တူးဖော်ရေးကုမ္ဗဏီအများစုမှာ မြန်မာနိုင်ငံသားအမည်ခံထားသည့် ထိုင်းနှင့် တရုတ်ပိုင် ကုမ္ဗဏီများဖြစ်ပြီး ပြည်ပနိုင်ငံသားများ ကျောက်မျက်တူးဖော်ခွင့်မရှိဆိုသော ဥပဒေကို လက်တလုံးခြားလုပ်နေကြခြင်းဖြစ်သည်။ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း (MGE) သို့ အကြိမ်ကြိမ် မေးမြန်းခဲ့သော်လည်း တစုံတရာ ဖြေကြားခြင်းမရှိဘဲ မြန်မာ့စီးပွားရေးကော်ပိုရေးရှင် (MEC) သို့မူ အဆက်အသွယ်မရရှိခဲ့ချေ။

တူးဖော်ရရှိသည့်အနက်မှ အရည်အသွေးအကောင်းဆုံး ကျောက်မျက်များကို ဘန်ကောက်နှင့် ဟောင်ကောင်တို့သို့ ခိုးထုတ်ယူဆောင်သွားကြပြီး အရောင်တင်သန့်စင်၍ လက်ဝတ်ရတနာများအဖြစ်ပြုလုပ်၍ ဈေးကွက်တင်ကြသည်။

အမေရိကန်ကစီးပွားရေးပိတ်ဆို့မှု အပြီးသတ်ရုပ်သိမ်းပေးခဲ့ခြင်း၏အကျိုးဆက်အဖြစ် အမေရိကန်ခရီးသွားများ လာရောက်ဝယ်ယူကာ အရောင်းအ၀ယ်သွက်လက်လာရန် မန္တလေးရှိ ကျောက်မျက်ကုန်သည်များက မျှော်လင့်လျက်ရှိသည်။

“လာမယ့် သုံးလေးလအတွင်း ပတ္တမြားဈေးတက်ဖို့ရှိတယ်။ ၅၀ ရာခိုင်နှုန်းလောက်တက်မယ်လို့ ခန့်မှန်းရပါတယ်။ အနည်းဆုံးတော့ ၃၀ ရာခိုင်နှုန်းလောက်တက်မယ်”ဟု မန္တလေးမှ ကျောက်မျက်ကုန်သည် ခိုင်ခိုင်ဦးက ပြောသည်။ ထို့ကြောင့် ကျောက်မျက်ကုန်သည်များ ပတ္တမြား ၀ယ်ယူစုဆောင်းလျက်ရှိကြောင်းလည်း သူမက ပြောသည်။

ဆန်ရှင်ရုပ်သိမ်းပြီးတပတ်အကြာတွင်ပင် အမေရိကန်ကျောက်မျက်ကုန်သွယ်အဖွဲ့အစည်းမှ ကိုယ်စားလှယ်အဖွဲ့ မိုးကုတ်သို့လာရောက်ခဲ့သည် မဟုတ်ပါလော။

“အမေရိကန်ကုန်သည်တွေ ပြန်ဝင်လာပါလိမ့်မယ်။ သူတို့ကတော့ တရားဝင်လိုင်စင်ရ ကုန်သည်တွေနဲ့ပဲချိတ်ဆက်လုပ်ကိုင်ပါလိမ့်မယ်။ သူတို့အနေနဲ့က သူတို့ဝယ်ယူတဲ့ ကျောက်မျက်တွေသည် တာဝန်သိ တာဝန်ခံပြီး တူးဖော်ရရှိလာတဲ့ကျောက်မျက်တွေဖြစ်ဖို့ သေချာစိစစ်ပါလိမ့်မယ်”ဟု အဆိုပါအဖွဲ့နှင့်လိုက်ပါလာသော အမှုဆောင်အရာရှိ ဒေါက်ဂလပ်စ်ဟတ်ကာက ပြောသည်။ သို့ရာတွင် မည်သို့မည်ပုံ စိစစ်ရွေးချယ်မည်နည်းဆိုသည်ကိုမူ အသေးစိတ်မရှင်းလင်းခဲ့ချေ။

ဖြစ်ချင်တိုင်းဖြစ်နေသော မြန်မာ့ကျောက်မျက်လုပ်ငန်းကို တင်းကျပ်ရန် အစိုးရက ၂၀၁၆ ဇူလိုင်က ကျောက်မျက်တူးခွင့်လိုင်စင်ချပေးမှုကို ရပ်ဆိုင်းခဲ့သည်။ လက်ရှိတွင် ကျောက်မျက်တူးဖော်မည့် ကုမ္ဗဏီများအနေဖြင့် ပိုမိုတင်းကျပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်သည်။

ကျောက်မျက်အကြီးစားတူးဖော်မှုကို ရပ်ဆိုင်းထားခြင်းကြောင့် လုပ်ငန်းအများစု အရှုံးပေါ်နေကြောင်း မိုကုတ်တွင် ကျောက်တွင်း ၁၀ ခုခန့်ပိုင်ဆိုင်သော မြန်မာစံတော်ဝင်ကျောက်မျက်လုပ်ငန်းမှ မန်နေဂျာတဦးဖြစ်သူ ဦးကိုကိုအောင်က ပြောသည်။

မည်သို့ပင်ဆိုစေကာမူ အမေရိကန်ကျောက်မျက်ကုန်သည်များအနေဖြင့် မြန်မာ့ကျောက်မျက်များကို ၀ယ်ယူရာတွင် ကျောက်တွင်းလုပ်သားများအနေဖြင့် သင့်တင့်သော လုပ်ငန်းခွင်အခြေအနေကိုရရှိနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ စံသတ်မှတ်ချက်များ သေချာစွာလိုက်နာခြင်းရှိစေရန် တင်းကျပ်သော နိုင်ငံတကာစံသတ်မှတ်ချက်များကို လိုက်နာသင့်ကြောင်း၊ ထို့ပြင် ကျောက်မျက်လုပ်ငန်းမှ အမြတ်အစွန်းများကြောင့် နယ်စပ်ဒေသ ပဋိပက္ခကို မီးထိုးသလိုမဖြစ်စေရန် အထူးသတိထားသင့်ကြောင်း Global Witness က သတိပေးထားသည်။

“မြန်မာနိုင်ငံမှာ ဒီပြဿနာတွေဖြစ်ပွားနေတာဆိုတော့ ဒါတွေကို စစ်ဆေးဖို့ အမေရိကန်ကုမ္ဗဏီတွေမှာ တာဝန်ရှိတယ်”ဟု Global Witness မှ မိုက်ကယ်ဂစ်ဘ်က ပြောသည်။

မော်ရိုး
(Treasure Hunt by Hla Hla Htay) Ref; AFP
News Watch
https://www.facebook.com/NewsWatchJournal
ကန့်လန့်ကာနောက်ကွယ်က ပတ္တမြားမြေ မိုးကုတ်  ကန့်လန့်ကာနောက်ကွယ်က ပတ္တမြားမြေ မိုးကုတ် Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.