လယ်သမားတွေနဲ့ လန်းပီဝန်ထမ်းတွေ ပဋိပက္ခဖြစ်

မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်လက်အောက်မှာရှိတဲ့ လန်းပီ ပင်လယ်ရေကြောင်းကုမ္ပဏီ လီမီတက်က သန်လျင်မြို့နယ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က ခြံစည်းရိုးခတ်ထားတာကို တွေ့ရစဉ်။ Photo: Thiha Tun/RFA
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စီမံကိန်းဧရိယာအတွင်းမှာရှိတဲ့ လယ်ယာမြေဧက ၁၅၀ ကျော်ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်လက်အောက်မှာရှိတဲ့ လန်းပီ ပင်လယ်ရေကြောင်းကုမ္ပဏီ လီမီတက်က ဒီနေ့မနက်ပိုင်းမှာ ခြံစည်းရိုးလာခတ်တာကြောင့် ဒေသခံ လယ်သမားတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။

ဒီနေ့ နေ့လည်ပိုင်းက ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှာ လန်းပီ ပင်လယ်ရေကြောင်း ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ၊ လယ်သမားကိုယ်စားလှယ်တွေ တွေ့ဆုံပြီး နောက်ဆက်တွဲ ရာဇ၀တ်မူတွေမဖြစ်ရေးအတွက် ခြံစည်းရိုးခတ်တာတွေကို ယာယီရပ်ဆိုင်းထားဖို့ ကျောက်တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင်က ပြောခဲ့ပါတယ်။

ဒေသခံလယ်သမား ၃၀ ကျော်နဲ့ ခြံစည်းရိုးခတ်တဲ့ ကုမ္ပဏီဘက်က ၀န်ထမ်း ၃၀ ကျော်တို့ တစ်ဖက်နဲ့တစ်ဖက် တုတ်၊ ဓားတွေနဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မယ့် အခြေအနေရှိတဲ့အတွက် ကျောက်တန်းမြို့နယ် ရဲတပ်ဖွဲ့ နဲ့ ကျောက်တန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်တို့က ၀င်ရောက်ဖြန်ဖြေပေးခဲ့ရတာဖြစ်ပါတယ်။

ဆွေးနွေးပွဲအပြီးမှာ လန်းပီ ကုမ္ပဏီဘက်က ခြံစည်းရိုးခတ်တာတွေကို ယာယီရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့ပြီး ဒီမြေယာပိုင်ဆိုင်မူအရေးကို ဖြေရှင်းဖို့ သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးသွားမယ်လို့ လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးလွင် က ပြောပါတယ်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်က သီလ၀ါ မြေကွက် ၁၂၊ ၁၃ နဲ့ ၁၄ ကို မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ထံကနေ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စတင်ပြီး လွှဲပြောင်းဝယ်ယူခဲ့ပြီး မူလလက်ငုပ်လယ်သမား ၁၀ ဦးကျော်ကို ထိုက်သင့် တဲ့ မြေယာလျော်ကြေးပေးခဲ့တယ်လို့ ကျောက်တန်းမြို့နယ် အထွေထွေထွေ အုပ်ချုပ်ရေးရုံးမှာပြုလုပ် တဲ့ တွေ့ဆုံပွဲမှာ ပြောပါတယ်။

လက်ရှိ လုပ်ကိုင်နေတဲ့ လယ်သမား ၉ ဦးကတော့  အဲဒီမြေဧက ၁၅၀ ကျော်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ခန့်ကစပြီး ဓားမဦးချလုပ်ကိုင်ခဲ့ကြကြောင်းနဲ့  မြေယာလျော်ကြေးငွေကိစ္စနဲ့ ပတ်သက်ပြီး လယ်သမားတွေကို ကုမ္ပဏီဘက်က ညှိုနှိုင်းဆွေးနွေးတာတွေ မရှိခဲ့ဘူးလို့ပြောပါတယ်။

ဒါ့အပြင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စီမံကိန်းဧရိယာအတွင်းမှာရှိတဲ့ မြေယာအရေးနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ အစိုးရလက်ထက်ကတည်းက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးစစ်ဆေးနေပေမယ့် လက်ရှိအချိန်အထိ မပြီးပြတ်သေး ဘူးလို့ တွေ့ဆုံပွဲမှာ လယ်သမားတွေက ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
လယ်သမားတွေနဲ့ လန်းပီဝန်ထမ်းတွေ ပဋိပက္ခဖြစ် လယ်သမားတွေနဲ့ လန်းပီဝန်ထမ်းတွေ ပဋိပက္ခဖြစ် Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.